
ရခိုင်ပြည်နယ်မှာ ကျောင်းနေအရွယ် ကလေးငယ်တွေဟာ မူလတန်း ပညာရေးနဲ့တင် ကျောင်းထွက်နှုန်း ပိုမိုများပြားလာတယ်လို့ ကျောင်းဆရာ၊ ဆရာမတွေဆီကနေ သိရပါတယ်။
ပညာသင်စရိတ် အခက်အခဲကြောင့် မူလတန်း ပညာရေးနဲ့ ကျောင်းထွက်နှုန်းဟာ အခုနှစ်ပိုင်း အတွင်း ပိုမို များပြားလာတာလို့ မင်းပြားမြို့နယ်က မူလတန်းပြ ကျောင်းဆရာမ တယောက်က ပြောပါတယ်။
"မူလတန်းနဲ့ ကျောင်းထွက်တာကတော့ အရင်ကဆိုရင် မရှိပါဘူး။ အခုမှ ပိုပြီးများလာတာ။ မူလတန်း ပြီးသွားရင် အလယ်တန်းအထိ ကျောင်းစရိတ် မတတ်နိုင်ကြတော့တာကြောင့် ကျောင်းထွက် သွားကြတာပါ။ အများအားဖြင့် ၄ တန်းပြီးရင် ထွက်ကြပါတယ်။ တချို့ဆိုရင်လည်း ကိုယ့်ရွာမှာ ရှိတဲ့ အတန်းလောက်ပဲ တက်ပြီး၊ တခြားရွာ သို့မဟုတ် မြို့ကို သွားရောက် တက်ရောက် ရတော့မယ်ဆိုရင် မတက်နိုင်ကြတော့လို့ ဆက်မတက်ကြတာမျိုးတွေ ပိုဖြစ်လာ ပါတယ်။”
လက်ရှိ ပညာရေး အသိုက်အဝန်းရဲ့ ပြောဆိုချက်တွေအရ ကျောင်းတကျောင်းမှာ တနှစ်တာအတွင်း မူလတန်းပညာအပြီး ကျောင်းထွက်နှုန်းဟာ ၃ ယောက်ကနေ ၁၀ ယောက်အထိ ရှိနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပညာသင်စရိတ် ကြီးမားတာ၊ စာအုပ်စာတမ်းနဲ့ တခြား သင်ထောက်ကူ ပစ္စည်းတွေရဲ့ စျေးနှုန်းတွေဟာ ၂၀၂၃ ခုနှစ် နောက်ပိုင်း ၅ ဆကနေ ၁၀ ဆကြား မြင့်တက် သွားတာကြောင့် ကျောင်းနေအရွယ် ကလေးတွေအနက် တချို့ဟာ ပညာဆက်လက် မသင်ယူ နိုင်တော့ဘဲ မူလတန်းပညာနဲ့တင် ကျောင်းထွက်သူ ပိုမို များပြားလာကြတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် မတိုင်မီက တချောင်းကို ကျပ် ၁၀၀ လောက်သာ ရှိခဲ့တဲ့ ဘောပင်တချောင်းဟာ လက်ရှိမှာ ကျပ် ၁,၀၀၀ လောက်ရှိပြီး အရင်ကကျပ် ၂၀၀ လောက်သာပေးရတဲ့ စာအုပ်တအုပ်ဟာ လက်ရှိမှာ ကျပ် ၁၅၀၀ ပေးဝယ်နေရသလို ကျပ် ၁၀,၀၀၀ ကျော်ရှိခဲ့တဲ့ ပုံနှိပ်စာအုပ် တစုံဟာ အခုဆိုရင် ကျပ် ၁ သိန်းလောက် အထိ အသီးသီး စျေးနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကြောင့် ကျောင်းနေအရွယ် ကလေးတွေကို ပညာသင်ကြားပေးဖို့ ပိုမို ခက်ခဲ လာရတယ်လို့ မြောက်ဦးမြို့နယ် သံရှင်ပြင်ကျေးရွာက ကျောင်းသားမိဘတယောက်က ပြောပါတယ်။
"ကျမမှာဆို သားတယောက်၊ သမီးတယောက်ကို ၄ တန်းနဲ့ ကျောင်းထုတ်ထားရပါတယ်။ ပညာတော့ သင်ပေးချင်ပါတယ်။ ဒါပေမဲ့ သူတို့ ကျောင်းစရိတ်ကို မတတ်နိုင်တော့ပါဘူး။ အရင်ကဆိုရင် ကျောင်းတက်ဖို့ ပိုက်ဆံ မပေးရပါဘူး။ အခု ပေးရတော့ မပေးနိုင်တာတွေ များလာပါတယ်။ ဗလာစာအုပ်တွေဆိုရင်လည်း စျေးကြီးတော့ ဝယ်မပေးနိုင်ဖြစ်လာတယ်။ အထူးသဖြင့် ကျောင်းလခ မပေးနိုင်တော့ ကျောင်းထားဖို့ အဆင်မပြေတော့ပါဘူး။”
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူး (ISP Myanmar) ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေး ၅၀ ရာခိုင်နှုန်းနီးပါး အခြေခံပညာ သင်ယူခွင့် ဆုံးရှုံးနေရပြီး၊ အဲဒီအထဲမှာ ရခိုင်ပြည်နယ်ဟာ ပညာသင်ကြားမှု ကျဆင်းနှုန်း အမြင့်ဆုံး ဒေသတခု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။











