DVB Logo
Home
မြန်မာသတင်း
ကနီတွင် တရက်တည်း တိုက်ပွဲ ၆ ကြိမ်ဖြစ်၊ တော်လှန်ရေးတပ်ဘက်က ၄ ဦးကျဆုံး
DVB
·
August 12, 2023
ကနီတွင် တရက်တည်း တိုက်ပွဲ ၆ ကြိမ်ဖြစ်၊ တော်လှန်ရေးတပ်ဘက်က ၄ ဦးကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ ဩဂုတ် ၁၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၆ ကြိမ်ဖြစ်ခဲ့ပြီး ဒီရက်ပိုင်းတိုက်ပွဲတွေကြောင့် တော်လှန်ရေးတပ်ဘက်က ၄ ယောက်ကျဆုံးခဲ့ပါတယ်။

ယင်းမာပင်ခရိုင်၊ ကနီမြို့မှာ ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်အင်အား ၆၀ လောက်ဟာ ကနီမြို့ပေါ်ကနေ မြောင်းကျေးရွာဘက်ကို အလာ တံတားနားမှာ တိုက်ပွဲစဖြစ်ခဲ့ပြီး မနက် ၈ နာရီလောက်မှာတော့ ကနီမြို့ပေါ်ရဲစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ KLG က ဩဂုတ် ၁၁ ရက်နေ့ ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

မနက် ၉ နာရီမှာလည်း ရေလယ်ကျွန်းပျူကျေးရွာကို ရိက္ခာပို့လာတဲ့ စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို ရှမ်းမြောင်းရွာဘက်က စစ်ကောင်စီအင်အား ၁၀၀ လောက်ကိုလည်း စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့ပြီး စစ်ကောင်စီတပ်သား ၁၅  ယောက် သေဆုံးခဲ့တယ်လို့ ဆိုပတါယ်။

ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၁ တပ်ရင်းရဲ့ တပ်ခွဲမှူး ကိုနိုင်ဝင်းကျဆုံးခဲ့ပြီး ရဲဘော်တယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူတယောက်က “ ကိုနိုင်ဝင်းရဲ့ စျာပနကိုတော့ ဒီကနေ့ (ဩဂုတ် ၁၁ရက်) မှာ ပြုလုပ်ခဲ့ပါတယ်။ ဒဏ်ရာရ ရဲဘော်ကတော့ ပေါင်ကိုထိမှန်ပြီး ၅ ချက် ချုပ်ထားရပါတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ဆင်ရေးတွေကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊ ၂၂ နဲ့ ၂၃၊ KGL PDF အဖွဲ့နဲ့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ULF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဩဂုတ် ၆ ရက်နေ့ကလည်း ယင်းမာပင်ခရိုင်၊ ကနီမြို့နားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား ၃ဝဝ လောက်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၃ ယောက် ကျဆုံး၊ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း  ၄ ပြန်ကြားရေးဘက်က သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေ သာလွန်နေတာကြောင့် ကျဆုံးခဲ့ရတာဖြစ်ပြီး အင်တာနက်လိုင်းအခက်အခဲနဲ့ ရဲဘော်တွေရဲ့ ဈာပနကိစ္စတွေ ဆောင်ရွက်နေရလို့ သြဂုတ် ၁၁ ရက်နေ့မှာမှ ထုတ်ပြန်လာခဲ့တာပါ။

 တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက "တိုက်ပွဲဖြစ်တာက ၆ ရက်နေ့ကပါ။သူတို့ဘက်က အင်အား ၃ဝဝ ဝန်းကျင်ရှိပါတယ်ဗျ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ၊ ရွှေတောင်ဦးကုန်းနဲ့ ကျောက်စစ်ပုံ ဒေသမှာရှိတဲ့ အမြောက်တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဘက်က အထိအခိုက်ကိုတော့အတည်မပြုနိုင်သေးပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄၊ တပ်ခွဲ ၃၊ Monywa NightKing PDF၊Union Liberation Front-UFL တပ်ပေါင်းစု၊ MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နဲ့ တခြားဒေသခံ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့က ယင်းမာပင်ဒေသ အပါအဝင် စစ်ကိုင်းတိုင်းရဲ့ နေရာအနှံ့အပြားကို ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် ပြည်သူတွေလည်း ဘေးလွတ်ရာကို စစ်ရှောင်နေကြရပြီး ပြည်သူ့ကာကွယ်ရေးတပ် တွေအနေနဲ့လည်း တိုက်ပွဲတွေကြောင့် လက်နက်ခဲယမ်းတွေလိုအပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ထိခိုက်ကျဆုံးစာရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013