မနေ့က စစ်ကိုင်းမြို့နယ်၊ ပယ်သူကြီးကျေးရွာက စစ်ရှောင်လှည်း ၂ စီးကို စစ်ကောင်စီက ပစ်ခတ်လို့ ပြည်သူ ၇ ယောက် ကျည်စထိမှန်ထားတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။
ပဒူကျေးရွာကနေ ဩဂုတ် ၁၁ ရက်နေ့ မနက်ခင်းအစောပိုင်းက တလိုင်းရွာဘက်ကို အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပယ်သူကြီးဒေသခံတယောက်က “သူတို့ထင်တိုင်းလုပ်နေကြတာ။ အခုလည်း သူတို့ တလိုင်းရွာကနေ ကျောင်းဖြူကျေးရွာဘက်ထွက်လာတယ်လို့သတင်းရတာနဲ့ ကျနော်တို့ ဒေသခံတွေ အားချင်း ရွာထဲကနေထွက်ပြေးတာ။ အဲလိုထွက်ပြေးတာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာပါဗျ။ သူတို့ပစ်တဲ့ကျည်က စစ်ရှောင်တွေအနီးကျပြီး ကျနော်တို့ ပယ်သူကြီးကျေးရွာက စစ်ရှောင်ပြည်သူလှည်း ၂ စီးပေါ်က ပြည်သူ ၇ ယောက် ကျည်ထိတယ်။ အဲဒီ ဒဏ်ရာရသူထဲက လူကြီး ၃ ယောက်ကတော့ ခြေထောက်ဖြတ်ရမဲ့ အနေထားဖြစ်နေတယ်။ လှည်းမှာတပ်ပြီး မောင်းလာတဲ့ နွား ၄ ကောင်လည်း ကျည်စထိမှန်လို့ ဒဏ်ရာတွေရထားတယ်” လို့ ပြောပါတယ်။
ကျည်ထိမှန်တဲ့သူတွေက အသက် ၄၀ ဝန်းကျင် ဦးဇော်လွင်စိုးနဲ့ ဒေါ်ခိုင်ခိုင်သင်း၊ အသက် ၇၀ အရွယ် ဦးမောင်ညို၊ အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်နဲ့ အသက် ၁၀ နှစ်ကျော်အရွယ် ကလေး ၃ ယောက်ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ညနေပိုင်းမှာ ပယ်သူကြီးရွာနား လျှော်ဖြူခြံထဲက တဲ ၂ လုံးကို မီးရှို့ပြီး ပယ်သူကြီးရွာမှာ တပ်စွဲညအိပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညနေပိုင်းမှာတော့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
ရွှေဘိုခရိုင် တပ်ရင်း ၁၈ ရဲ့ တပ်ရင်းမှူး ကိုစွန်ရဲက “တိုက်ပွဲဖြစ်တဲ့နေရာက ပယ်သူကြီးရွာအနီးမှာ။ ပြည်သူတွေ အကုန်ထွက်ပြေးပြီးမှ တိုက်ပွဲဖြစ်ခဲ့တာဗျ။ ခွေးတွေဘက်ကတော့ ၁ ယောက်၊ ကျနော်တို့ပစ်လို့ ပစ်ကွင်းထဲမှာလဲကျတာတော့ မြင်လိုက်ရတာရှိတယ်။ ကျန်တာကတော့ ခွေးဘက်က အထိအခိုက် အတိကျကိုတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ အခုလို တပ်ဆုတ်ခဲ့ရတာကလည်း ကိုယ့်ဘက်က ကျည်ဆံအားနည်းလို့ ပြန်ဆုတ်ခဲ့ရတာ။ ကျည်ရှိလို့ကတော့ သူတို့ကို တိုက်လိုက်ချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ပွဲကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ 96soilders၊ ဒေါင်းနီ(LPDF)၊ ဗိုလ်ကျားကြီး(LPDF)၊ မန္တလေးခရိုင် တပ်ရင်း ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံ ကာကွယ်ရေးခေါင်း ဆောင်တွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကိုင်းမြို့နယ် ပဒူကျေးရွာကထွက်လာတဲ့စစ်ကြောင်းဟာ ပယ်သူကြီးရွာမှာ တပ်စွဲထားပြီး ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာက ထွက်လာတဲ့စစ်ကြောင်းကတော့ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာနဲ့ မင်းဝံတောင်ရိုးမှာ တပ်ခွဲစခန်းချနေတယ်လို့ သိရပါတယ်။