
ဝင်ငွေကောင်းပြီး နာမည်ကြီးနေတဲ့ ဘာဘီ ရုပ်ရှင်ကို ဂျပန်နိုင်ငံမှာ သြဂုတ် ၁၁ ရက်က စတင်ပြသခဲ့တာမှာ ပရိသတ်တွေက အုံနဲ့ကျင်းနဲ့ လာရောက် အားပေး ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။
"Live Action" အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဝါနာ ဘရားသားစ် ကုမ္ပဏီရဲ့ ဆိုရှယ်မီဒီယာဆိုင်ရာ ကိုင်တွယ်မှုအပေါ်မှာ အငြင်းပွားမှု ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ဘာဘီရုပ်ရှင်ထဲက ကမ္ဘာ့မြေပုံဟာ တရုတ်နိုင်ငံရဲ့ တဖက်သတ်ဆန်တဲ့ တောင်တရုတ် ပင်လယ်ဆိုင်ရာပိုင်နက်ကို ပြသထားတာကြောင့် ဖိလစ်ပိုင်နဲ့ ဗီယက်နမ် တို့လို ကမ္ဘာ့နိုင်ငံတချို့မှာ ပြသခွင့် ပိတ်ပင်ခံထားရပါတယ်။
အမေရိကန်နိုင်ငံမှာတော့ နောက်ထပ်နာမည်ကြီး ရုပ်ရှင်တစ်ခုဖြစ်တဲ့ "အော်ပန်ဟိုင်းမား" ကိုပါ တချိန်တည်း ရုံတင်ပြသနေတဲ့အတွက် ဝင်ငွေအရ ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။
အော်ပန်ဟိုင်းမားဟာ အတ္ထုပတ္တိရုပ်ရှင် တစ်ခုဖြစ်ပြီး အဏုမြူဗုံး တီထွင်မှု ပရောဂျက်မှာ ဦးဆောင်ခဲ့တဲ့ ရူပဗေဒပညာရှင်တစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတာပါ။
လွန်ခဲ့တဲ့ ၇၈ နှစ်တုန်းက ဂျပန်မြို့ကြီးတွေအပေါ် နျူးကလီးယား တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်တွေလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာ အော်ပန်ဟိုင်းမား ရုပ်ရှင်ပြသမယ့်ရက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဘာဘီရုပ်ရှင်မှာတော့ ထိပ်တန်းသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရိုင်ယန် ဂေါ့စလင်းနဲ့ မာဂေါ့ ရော်ဘီတို့က ကန် နဲ့ ဘာဘီအဖြစ် ပါဝင်ထားကြပါတယ်။
ဇူလိုင် ၂၁ ရက်က ပွဲဦးထွက် ပြသခဲ့တဲ့ ဘာဘီ ရုပ်ရှင်ဟာ ကမ္ဘာတဝန်း ရုပ်ရှင်ရုံတွေမှာ လက်မှတ် ရောင်းရငွေ အဖြစ် ဒေါ်လာ ၁ဘီလီယံ ကျော်အထိ ရရှိထားပြီ ဖြစ်ပါတယ်။
Source-Reuters










