Home
မြန်မာသတင်း
ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင်ဘဏ်စနစ်ဖြင့် ငွေလွှဲရမည့်အပေါ် ဝေဖန်
DVB
·
August 11, 2023

ပြည်ပရောက် မြန်မာလုပ်သားတွေ မိသားစုတွေဆီ ငွေလွှဲတဲ့အခါ စစ်ကောင်စီက သူတို့သတ်မှတ်ထားတဲ့ တရားဝင်ဘဏ်စနစ်ကနေ ငွေလွှဲဖို့နဲ့ လုပ်သားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပေးနိုင်ဖို့ စီစဉ်နေကြောင်း သြဂုတ် ၂ ရက်က စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ မြန်မာနိုင်ငံကနေ MoU စနစ်နဲ့ အေဂျင်စီတွေက စေလွှတ်တဲ့ အလုပ်သမားတွေ ပါဝင်ပြီး ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေက လုပ်သားတွေကို ရည်ရွယ်တယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းလုပ်သား အများဆုံးရှိတဲ့ ထိုင်းနိုင်ငံမှာတော့ အလုပ်သမား အများစုက နီးစပ်ရာ ငွှေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူတွေဆီကနေသာ မိဘတွေ နေရပ်ဆီကို အများဆုံး ငွေလွှဲကြတာပါ။

အခုလို စစ်ကောင်စီသတ်မှတ်တဲ့ ဘဏ်စနစ်ကို မဖြစ်မနေ သုံးရမယ်ဆိုရင် ငွေကြေးကုန်ကျမှု များနေပါက အဆင်မပြေနိုင်ဘူးလို့ ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

“အိုတီက ရှိလိုက် မရှိလိုက်။ မရှိတာက ပိုများနေတယ်။ ရတာမှ ညီမတို့လစာမှာ အိုတီမရှိရင် တလလုံးမှာ ၈,၂၀၀ ပဲရတယ်။ ဒီမှာက စားစရိတ်နဲ့ အိမ်စရိတ်နဲ့ တွက်လိုက်ရင် ညီမတို့အတွက်က ဘာမှမကျန်တော့ဘူး။ ညီမတို့က တလကို ၂ ခါထုတ်တော့ ၁၅ ရက်ကို တခါလောက် အိမ်ကိုပို့တယ်။ အခုက အိုတီမရှိတော့ ရတာမှ ၁၅ ရက်တခါ ၄,၁၀၀ ရတယ်။ ညီမတို့လည်း စားစရိတ်ရှိတယ်။ သုံးစရိတ်ရှိတယ်။ အိမ်ကို တလကို ၄ သိန်း ပို့တဲ့အခါ ရှိတယ်။ ၃ သိန်းကျော်ပဲ ပို့တဲ့အခါရှိတယ်။ ဒီမှာ နေစရိတ်လည်းကြီးတယ်။ စားစရိတ်လည်း ကြီးတယ်။ တလကို ၄ သိန်းတောင် မနည်းပို့ရတယ်။ ပို့နိုင်တဲ့အခါလည်း ရှိတယ်။ မပို့နိုင်တဲ့အခါလည်း ရှိတယ်။”

“ညီမတို့လွှဲလိုက်တဲ့ ငွေပမာဏပေါ် မူတည်ပြီး သူတို့က ငွေဘယ်လောက်ဖြတ်မှာလဲ။ အဲ့ပေါ်မှာမှ ညီမတို့ ပြန်ပြီး ကြည့်ရမှာပေါ့။ တကယ်လို့ ညီမတို့က အိမ်ကို ငွေ တလ ၄ သိန်း ပို့လိုက်မယ်။ သူတို့က ဝန်ဆောင်ခ ဘယ်လောက်နှုတ်မလဲ တချက်ပြန်ကြည့်ရမှာပေါ့။ အဆင်ပြေရင် ဆက်ပြီးနေမယ်။ အဆင်မပြေရင်တော့ အိမ်ပဲပြန်မယ်” လို့ မဲဆောက်မြို့ အထည်ချုပ်စက်ရုံက အလုပ်သမတယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိရုံးကတော့ အခုလို စီစဉ်နေတာ မှန်ပေမဲ့ မဖြစ်မနေ လွှဲပေးရမှာ မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က ဘန်ကောက် မြန်မာသံရုံးကနေ ထိုင်းရောက် မြန်မာလုပ်သားတွေ အကြောင်းအမျိုးမျိုးနဲ့ ငွေလွှဲတဲ့အခါ တရားဝင် အသုံးပြုဖို့ ဒီး-မန်းနီး ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီ Application ကနေ ငွေလွှဲဝန်ဆောင်မှု အနိမ့်ဆုံး ဘတ် ၁,၀၀၀ ကနေ အများဆုံး မြန်မာငွေ ကျပ်သိန်း ၁၀၀ ထိ ရယူနိုင်ပြီး တကြိမ်ကို ၄၉ ဘတ်နှုန်းနဲ့ လဲနိုင်တယ်လို့ ကြေညာထားပါတယ်။

အခုလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားခ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်စနစ်နဲ့လွှဲဖို့ စီစဉ်တာက လုပ်သားတွေရဲ့ ငွေကြေးကို ထိန်းချုပ်ချင်တာကြောင့်လို့ ထိုင်းအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။

Labour Rights Foundation တာဝန်ရှိသူ ဦးအောင်ကျော်က “ဒါ သက်သက်မဲ့ လုပ်သားတွေကို ထိန်းချုပ်လိုက်တာပဲ။ ဒီလုပ်သားတွေက နေရာတိုင်းမှာ အဆင်ပြေပြေ ရောက်ရှိလာတာ မဟုတ်ဘူး။ အထူးသဖြင့် ထိုင်းနိုင်ငံပေါ့။ ထိုင်းနိုင်ငံမှာ အခက်အခဲပေါင်း များစွာနဲ့ ရောက်ရှိလာကြတယ်။ နောက် ငွေလွှဲတဲ့စနစ်ကလည်း နှစ်ပေါင်းများစွာကတည်းက ကိုယ့်မြို့ ကိုယ့်ရွာတွေမှာ ငွေလွှဲဒိုင်တွေက ရှိနေပြီးသား။ ဒီမှာ လုပ်သားတွေ ငွေလွှဲတဲ့စနစ်ကလည်း လွယ်လွယ်လေးပဲ။ မြန်မာပြည်ကို မိဘကို လှမ်းအကြောင်းကြားလိုက်တယ်။ အဲဒီမှာ ပိုက်ဆံသွားထုတ်လို့ ပြောလိုက်တယ်။ လုပ်သားတွေက ဒီစနစ်ထဲမှာပဲ အားလုံး အသားကျနေတဲ့အခါမှာ ဒီလို စစ်ကောင်စီက ခြိမ်းခြောက်ထုတ်လိုက်တဲ့အတွက် လုပ်သားတွေကြားမှာလည်း တော်တော်လေး မကျေနပ် ပေါက်ကွဲသံတွေ ကြားနေတယ်။ ကျနော့်အနေနဲ့လည်း သာမန်လုပ်သားတွေရဲ့ ငွေကြေးတွေကို ဒီလောက်ထိ လိုက်လံမထိန်းချုပ်သင့်ဘူးလို့ မြင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လုပ်ခလစာအနေနဲ့ အခြေခံလုပ်အားခ တရက်ကို ၃၃၂ ဘတ် အနည်းဆုံး သတ်မှတ်ထားပေမဲ့ တချို့နေရာတွေမှာ လုပ်အားခ အပြည့်အဝ မရကြပါဘူး။ ဒါ့အပြင် အလုပ်သမားတွေ လုပ်အား ခေါင်းပုံဖြတ်ခံရတာ၊ အိုတီကြေး ပုံမှန်မရတာနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း အများဆုံး ကြုံနေရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၄ သန်းကျော်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024