စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်း ရပ်ကွက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စက္ကန့်ရွာ ဘုရားကျောင်း ထိခိုက်ပျက်စီးထားသလို ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၀ ရက် ညနေပိုင်းကစတင်ပြီး ၁၁ ရက် ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံ ၂,၀၀၀ ဝန်းကျင်လည်း ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
ကလေးဒေသခံတဦးက “မနက်က စစ်တပ်ဘက်က လက်နက်ကြီးနဲ့ထုလို့ ဘုရားကျောင်း ပျက်စီးသွားတာ။ အခုထိ တိုက်ပွဲဖြစ်နေတုန်း။ ဒေသခံတွေကတော့ မြို့ထဲနဲ့ ရွာတွေဘက် ပြေးနေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ပွဲကြောင့် အင်ဒိုင်းကုန်း၊ မြို့လှ၊ စက္ကန့်၊ တောင်သာနဲ့ မွှန်ထာရပ်ကွက်က ဒေသခံတွေဟာ တိမ်းရှောင်နေကြရတာပါ။
စစ်ကောင်စီက မြို့တွင်းကနေ အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုး စစ်ကူနေသလို လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ကလေးမြို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
ဩဂုတ် ၁၀ ရက် မနေ့ကလည်း တောင်ဖီလာရပ်ကွက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက မွှန်ထာရွာက ဒေသခံအမျိုးသားတဦးကို ပစ်သတ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ- ဆလိုင်း (ဩဂုတ်လ ၁၁ ရက်မနက်ပိုင်း စက္ကန့်ရွာက ပျက်စီးသွားသည့် ဘုရားကျောင်းပုံ)