
ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ သြဂုတ် ၉ ရက် နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်စီးနင်းပြီး ငွေနဲ့ ရွှေတွေ ဓားပြတိုက် ယူဆောင်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အောင်နန်းရပ်ကွက်ရှိ မူးယစ်ဆေးရောင်းဝယ်တဲ့ နေအိမ်တလုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်စီးနင်းပြီး ရွှေနဲ့ ငွေသား သိန်း ၁၀၀ ကျော်နဲ့ မူးယစ်ဆေးဝါးတွေကို ဓားပြတိုက် သိမ်းဆည်းသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အောင်နန်းရပ်ကွက်နေသူ အမျိုးသားတဦးက “အဲဒီအိမ်က မူးယစ်ဆေးရောင်းနေတာ ကြာပြီ။ အိမ်ထဲမှာ မူးယစ်ဆေးသုံးနေတဲ့သူတွေ ရှိတုန်း Mask တပ်ပြီး သေနတ်ကိုင်ထားတဲ့သူတွေက ဝင်ဓားပြတိုက်သွားတာ။ ငွေသား သိန်း ၁၀၀ ကျော်နဲ့ လက်ဝတ်လက်စားတွေ ယူသွားတယ်။ မူးယစ်ဆေးဝါးတွေလည်း သိမ်းသွားတယ်။ လူတွေကိုတော့ ဖမ်းဆီးသွားတာ မရှိဘူး” လို့ ပြောပါတယ်။
Mask တပ်ထားတဲ့ လက်နက်ကိုင် အမည်မသိ လူ ၁၀ ဦးထက်မနည်းဟာ မူးယစ်ဆေးဝါးရောင်းတဲ့ နေအိမ်က ငွေ သိန်း ၁၀၀ ကျော်၊ ရွှေ လက်ဝတ်လက်စားတွေအပြင် မူးယစ်ဆေး လာရောက်သုံးစွဲသူတွေထံက ဖုန်းနဲ့ ငွေသားတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းချသူတွေထံက လိုင်းကြေးရယူထားကာ ရောင်းချစေတဲ့အတွက် အသက်မပြည့်သေးတဲ့ လူငယ်တွေပါ မူးယစ်ဆေးဝါးသုံးစွဲမှု အရင်ထက် ပိုမိုများပြားလာနေပါတယ်။