DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် တောင်သူများ အခက်တွေ့
DVB
·
August 11, 2023
ပင်လောင်းတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် တောင်သူများ အခက်တွေ့
1 / 6
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်မှာ ၁၀ ရက်ကျော်ကြာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်တချို့နဲ့ စိုက်ပျိုးရေးခြံတွေအတွင်း ရေကြီးရေလျှံနေလို့ တောင်သူတွေနဲ့ နေ့စားလုပ်သားတွေ စားဝတ်နေရေး အခက်တွေ့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပင်လောင်းမြို့ခံတဦးက “တခြားနေရာတွေလို မိုးက ပင်လောင်းမှာ နေ့စဉ် အဆက်အပြတ် ၁၀ ရက်ကျော် သည်းသည်းမဲမဲ ရွာလိုက်တော့ မြို့ပေါ်ရပ်ကွက်တွေကော မြေနိမ့်တဲ့နေရာတွေ အကုန်လုံး ရေကြီးရေလျှံဖြစ်တယ်။ နေအိမ်တွေထဲ ရေဝင်သလို စိုက်ခင်းတွေလည်း ရေနစ်မြုပ်တယ်။ အဲ့ဒီတော့ တောင်သူတွေ ဒုက္ခရောက်သလို နေ့စားလုပ်စားတဲ့ အလုပ်သမားတွေလည်း စားဝတ်နေရေး ဒုက္ခရောက်ကုန်တယ်။ မိုးက မနေ့ကမရွာဘူး။ ဒီနေ့ ဆက်ရွာနေပြန်ပြီ” လို့ ပြောပါတယ်။

ပင်လောင်းမြို့နယ်မှာ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားတဲ့အတွင်း မြေနိမ့်အရပ်က လူနေအိမ်တချို့နဲ့ လယ်စိုက်ခင်းတွေအပြင် မုံလာထုပ်၊ ခရမ်းချဉ်၊ မုံလာပန်းခင်းတွေ ခန့်မှန်းဧက ၁၀၀ ကျော်လောက် ပျက်စီးခဲ့တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

“ပင်လောင်းက စိုက်ပျိုးရေးနဲ့ အသက်မွေးကျောင်းပြုတာ များတယ်။ အခု မိုးရေကြီးလို့ လယ်ကွင်းနဲ့ စိုက်ပျိုးခြံ အနည်းဆုံး ဧက ၁၀၀ ကျော်လောက် ရေနစ်မြုပ်ပျက်စီးတယ်။ အခုက မြေသြဇာဖိုးတွေက ကြီးနေတော့ တောင်သူတွေ အရှုံးပေါ်သွားတယ်” လို့လည်း မြို့ခံတွေက ပြောပါတယ်။

မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၇ ရက်ကနေ ၁၀ ရက်ခန့်ထိနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ၃ ရက်ကနေ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ - Amazing Pinloung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013