ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ သုံးဖဖုမ်ခရိုင်မှာ လှပတဲ့ ကဏန်းမျိုးစိတ်အသစ်ကို ဒေသခံ လယ်သမားတွေ့ရှိတဲ့အကြောင်း khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အသက် ၄၈ နှစ်အရွယ် လယ်သမားဟာ သူ့ရဲ့ ရော်ဘာခြံထဲမှာတွေ့တဲ့ လှပတဲ့ ကဏန်းပုံကို လူမှုမီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တစ်ခ်တော့မှာ မျှဝေပေးခဲ့ပါတယ်။
လယ်သမားက ကဏန်းမျိုးစိတ်ကို ကန်ချနဘူရီ ရေချိုငါးလုပ်ငန်းသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ဇွန် ၂၁ ရက်မှာ စစ်ဆေးဖို့ ပေးပို့ခဲ့ပြီး ရေချိုကဏန်းမျိုးစိတ်အသစ် ဖြစ်တာကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက သြဂုတ် ၁၀ ရက်နေ့မှာ အကြောင်းကြားလို့ စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။
ခရိုင်ငါးလုပ်ငန်းဦးစီးဌာနဟာ သိပ္ပံဂျာနယ်မှာ ထုတ်ဝေဖို့ စာရွက်စာတမ်းတွေကို ပြင်ဆင်နေပြီး ထုတ်ဝေပြီးတာနဲ့ သုတေသနစင်တာကို အကြောင်းကြားကာ ဆက်လက်လေ့လာသွားမှာ ဖြစ်ပါတယ်။
ကဏန်းမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိမှုဟာ သုံးဖဖုမ်ဒေသရှိ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝထိန်းသိမ်းမှုအပေါ် အကျိုးသက်ရောက်မှုရှိစေမှာကို ခရိုင်ငါးလုပ်ငန်းအရာရှိက ပြောကြားခဲ့ပါတယ်။
လယ်သမားပေးပို့တဲ့ ကဏန်းမျိုးရင်းမှာ Thaiphusa ဖြစ်ပြီး ကဏန်းကို ကာကွယ်ထိန်းသိမ်းထားကာ ရှားပါးတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။
Source - khaosod English










