မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
သြဂုတ် ၉ ရက် မနက် ၈ နာရီလောက်မှာ နွားထိုးကြီးမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ မင်းစုံတောင် ရှောက်တောရိုးကွေ့မှာ နွားထိုးကြီးမြို့ဘက်ကနေ မြစ်သားဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား ၃ စီးကို နွားထိုးကြီး PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၂ စီး မီးလောင်ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိတယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူက ပြောပါတယ်။
“ကား ၂ စီးကတော့ လုံးဝပျက်စီးပြီး မီးလောင်သွားတယ်။ မြစ်သားဘက်ကိုလာတဲ့ အင်အားက ၄၀ ဝန်းကျင်ပေါ့။ မိုင်းဆွဲခံရပြီးနောက်မှာတော့ ခြေကျင်စစ်ကြောင်းရော ကားနဲ့ရောဆိုရင် အင်အား ၇၀ ကျော်လောက် ဖြည့်ပြီး အလောင်းတွေကို လာကောက်သွားပါတယ်” ဒီဗွီဘီကို ပြောပါတယ်။
ဆက်လက်ပြီး ခရီးသွားလာတဲ့ ပြည်သူတွေအနေနဲ့ မြင်းခြံ-နွားထိုးလမ်း၊ နွားထိုးကြီး-မြစ်သားလမ်း၊ နွားထိုးကြီး-တောင်သာလမ်း၊ နွားထိုးကြီး-မလှိုင်၊ နွားထိုးကြီး-မြို့သာ လမ်းပိုင်းတွေမှာ ကားမှန်ချ မောင်းနှင်ကြဖို့နဲ့ နွားထိုးကြီး PDF အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ပြန်ချက်တွေကို ဖတ်ရှုလိုက်နာကြဖို့ သတိပေးထားပါတယ်။