စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်ကောင်စီက ဒီနေ့ ဩဂုတ် ၁၁ ရက် မနက်အစောပိုင်း ၄ နာရီ ၁၁ မိနစ်က လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ မန္တလေး တံတားဦးကနေ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
“မြေပြင်မှာက ဘာတိုက်ပွဲမှ မရှိဘဲကို လာပြီး ဗုံးချသွားတာ။ သူတို့ ဘာသတင်းရထားလို့တော့ မသိဘူး။ ကနဦး လေယာဉ်နဲ့ ရွာကို ၁ ပတ် ပတ်တယ်။ နောက်တကြိမ်ကြတော့ ကျနော်တို့ တလိုင်းရွာရဲ့ အနောက်မြောက်ဘက်က ကံဦးကျောင်းကို ဗုံးတလုံးချထားခဲ့တယ်။ အဲ့ကျောင်းထဲမှာက စစ်ဘေးရှောင်တွေ ရှိတယ်ဗျ။ သူတို့က လေယာဉ်နဲ့လာမပစ်ခင် ဝက်လက်မြို့နယ် ရှိမ်းပကားရွာ ခွေးခြံကနေ ဧရာဝတီမြစ်အတိုင်း စုန်လာတယ်။ နောက် ပဒူရွာဘက်ကလည်း စစ်ကြောင်းတကြောင်း ထွက်လာတယ်ဆိုတဲ့ သတင်းရထားလို့ ကြိုရှောင်ကြတာကနေ အခုလို လေယာဉ်နဲ့ အပစ်ခံရတယ်။ လေယာဉ်နဲ့ အပစ်ခံရလို့ ကံဦးကျောင်း အဝင်မုခ်ဦး ပြိုကျပြီး စစ်ဘေးရှောင် ၃ ဦး မုခ်ဦးပိ သေဆုံးထားတာ တွေ့ခဲ့ရတယ်။ ဒဏ်ရာရသူ ၇ ဦးကတော့ ကျနော်တို့ ကယ်ထုတ်လာနိုင်ခဲ့တယ်။ ကယ်ထုတ်လာတဲ့ ၇ ဦးထဲက ကလေးငယ်တဦးကတော့ အခုလေးတင် သေဆုံးသွားတယ်” လို့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တာဟာ စစ်ကောင်စီဘက်က ပဒူရွာက ရဲစခန်းကနေ စစ်ကြောင်းတကြောင်း၊ ဝက်လက်မြို့နယ် ရှိမ်းပကားရဲစခန်းကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကြောင်းကလည်း စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်မြောက်ရွာကို ကပ်ပြီး တလိုင်းရွာကို စစ်ကြောင်းထိုးလာကာ ပဒူရွာကို စီးနင်းဝင်ရောက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။