
အင်စတာဂရမ် လူမှုကွန်ရက်ရဲ့ ထိပ်တန်း ဝင်ငွေအကောင်းဆုံး စာရင်းမှာ ဘလွန်းဒီအော ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်ဒိုက သုံးနှစ်ဆက်တိုက် ဦးဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လက ဖို့ဘ်စ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမားအဖြစ် ရော်နယ်ဒိုက ရပ်တည်နိုင်ခဲ့ပြီး ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သတ်မှတ်ခံရမှု ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ရဲ့ အင်စတာဂရမ်ပေါ်က အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
ဒီလူမှုကွန်ရက်ပေါ်မှာ ဖော်လိုဝါ သန်းပေါင်း ၆၀၀ နီးပါးအထိရှိတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ပို့စ်တခုအတွက် ဒေါ်လာ ၃ ဒသမ ၂၃ သန်းလောက် ရရှိနေတာဖြစ်ကြောင်း Hopper HQ ကုမ္ပဏီအရ သိရပါတယ်။
ရော်နယ်ဒိုရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ အင်စတာဂရမ်ပို့စ် တခုအတွက် ဒေါ်လာ ၂ ဒသမ ၆ သန်းအထိ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘောလုံးအကျော်အမော် ၂ ဦးရဲ့နောက်မှာ ဆယ်လီနာ ဂိုမက်ဇ်၊ ကိုင်လီ ဂျန်နာနဲ့ ဒဝိန်း ဂျွန်ဆင်လိုမျိုး နာမည်ကြီးတွေက အသီးသီး ရပ်တည်နေကြပါတယ်။
အင်စတာဂရမ်ရဲ့ ထိပ်ဆုံးအယောက် ၂၀ စာရင်းမှာ နောက်ထပ် အားကစားသမားတွေ ဖြစ်ကြတဲ့ ဘရားဇီးလ်တိုက်စစ်မှူး နေမာနဲ့ အိန္ဒိယ ခရစ်ကက်ကြယ်ပွင့် ဗီရတ် ကိုလ်ဟလီ တို့သာ ပါဝင်တယ်လို့ သိရပါတယ်။
Source - Reuters