Home
မြန်မာသတင်း
ဖားကန့်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးလွတ်ရာတိမ်းရှောင်
DVB
·
August 11, 2023
364775537_855684652645673_3292024744126623402_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  နမ့်မှော်၊ မှော်လကင်ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူ ၂၀၀၀ လောက် နမ့်မှော် ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဆွေမျိုးနီးစပ်သူတွေထံ တိမ်းရှောင် ခိုလှုံနေကြရတယ်လို့  ဒေသခံရွာသားတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်၊ ကသိုင်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (အေအိုင်အေ) နဲ့  PDF ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးပြီး  စခန်းသိမ်းခံရပြီးနောက် ခုလို လေကြောင်းတိုက်ခိုက် ခံရတာလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

"ကသိုင်းတောင်ကို ကေအိုင်အေနဲ့ PDF ဘက်သိမ်းလိုက်ပြီး နောက်ရက် ၈ ရက်နေ့ လေယာဉ်နဲ့ လာဗုံးကြဲတာ။ ပြေးလွှားနေရတော့ ဘယ်နှခါလာလို့ ဘယ်နှခါကြဲမှန်းတောင်မသိလိုက်ဘူး။ စခန်းသိမ်းခံရပြီး သူတို့(စစ်တပ်)ဘက်က အတော်သေတယ်။ အရှင်လည်းဖမ်းမိတယ်။ လက်နက်တွေလည်းအများကြီး ကေအိုင်အေက ရသွားတယ်။”

မှော်ရှန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ လူဦးရေ ၁၆၀၅ ဦး၊ ကက်သလစ်ဘုရားကျောင်းမှာ ၈၆ ဦး၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC)ဘုရားကျောင်းမှာ ၅၉ ဦးနဲ့ တချို့ကတော့  နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေကြကာ လူဦးရေစာရင်းအတိအကျရဖို့ ညပိုင်း အိပ်ချိန်ရောက်မှ စာရင်းကောက်ယူရတယ်လို့ ဒေသတွင်း သတင်းတွေအရသိရပါတယ်။

ကသိုင်းတောင် စခန်းသိမ်းတိုက်ပွဲနေ့မှာပဲ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအုပ်စု၊ မန်စိမ်းကျေးရွာအနီးက ရှမ်းနီ(SNA)တပ်စခန်း တခုကို ကေအိုင်အေ၊ PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024