
နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်ငြိမ်းခွင့်ရဲ့ တစိတ်တပိုင်းအဖြစ်သူ့ ထောင်ဒဏ်ကို ၆ ပုံ ၁ ပုံ ထပ်လျှော့ချပေးခံရတယ်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့ဝင်တယောက်က ဧပြီ ၃၀ ရက်မှာ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဧပြီ ၃၀ ရက် ဒီကနေ့ ကဆုန်လပြည့်နေ့မှာ စစ်အာဏာရှင်က နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဥ်းသား ၁,၅၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့တာမှာ အခုလို ထောင်ဒဏ် လျှော့ပေးလိုက်တာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလအစောပိုင်း မြန်မာ့နှစ်သစ်ကူးနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် တုန်းကလည်း အလားတူ ပြစ်ဒဏ်လျှော့ချမှုကိုရခဲ့ပါတယ်။
ဒီလိုလျှော့ချပေးခံရပေမဲ့ သူဟာ ပြစ်ဒဏ်ကျခံဖို့ နောက်ထပ် ၁၈ နှစ်လောက် ကျန်သေးတယ်လို့လည်း အမည်မဖော်တဲ့ ဥပဒေအဖွဲ့ဝင်က ပြောပါတယ်။
အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ထပ် ၁၈ နှစ်လောက် ထောင်ဒဏ်ကျခံရပါက အသက် ၉၈ နှစ်အရွယ်လောက်ကျမှ လွတ်မြောက်နိုင်မဲ့ အခြေအနေ ဖြစ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြုလုပ်နေပါတယ်။
ကင်မ်က “သားတယောက် အနေနဲ့ ရိုးရှင်းတဲ့ အရာတခုကိုပဲ တောင်းဆိုပါတယ်။ မေမေ အသက်ရှင် နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တောင်းဆိုထားပါတယ်။
သူ အလိုချင်ဆုံးကတော့ သူ့မိခင် အသက်ရှင်နေသေးတယ်ဆိုတဲ့ အထောက်အထား တခုခုပါပဲလို့ ကိုထိန်လင်းက ဧပြီ ၂၀ ရက်နေ့ DVB နဲ့ သီးသန့် အင်တာဗျူးရာမှာလည်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြတ်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေကလည်း မကြာသေးခင်ကမှ ထုတ်ပြန်တောင်းဆိုထား ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင် အများစုကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေနဲ့ရော ပြင်ပကလူတွေနဲ့ပါ လုံးဝ အဆက်အသွယ် ဖြတ်ခံထားရပြီး သတင်းအစအန ပျောက်နေတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။










