DVB Logo
Home
မြန်မာသတင်း
ဘားအံရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ကျော်ထိ တိုးလာ၊ ကယ်ဆယ်ရေးစခန်း ၉ ခုထိဖွင့်လှစ်
DVB
·
August 10, 2023
ဘားအံရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ကျော်ထိ တိုးလာ၊ ကယ်ဆယ်ရေးစခန်း ၉ ခုထိဖွင့်လှစ်
1 / 8
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ကျော်အထိ တိုးလာပြီး စခန်း ၉ ခုအထိ ဖွင့်လှစ်ထားရပါတယ်။

ဩဂုတ် ၁၀ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၁၆ စင်တီမီတာကို ရောက်ရှိနေပြီး တောင်ကျချောင်းရေကြောင့် သံလွင်မြစ်ရေဟာ ထပ်မံတိုးနေပါတယ်။

ဘားအံမြို့ အမြင့်ပိုင်းရပ်ကွက် နေအိမ်တွေကလွဲရင် တမြို့လုံးနီးပါး ရေဝင်ရောက်နေပြီး နေအိမ်ရေနစ်မြုပ်ခဲ့တဲ့ အိမ်ထောင်စု ၃,၄၀၀ ကျော်၊ ပြည်သူ ၁၅,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

ပရဟိတဆရာတော်တပါးက “အခုက တမြို့လုံးလိုလို ကြုံနေရတာ။ အခုက အမှတ် ၉ မှာဆိုရင်‌ အောက်နားမှာ ရေတွေက တအားထိုးချနေတာ။ ချောင်းကကျတဲ့ရေတွေနဲ့ အိမ်တွေမှာဆိုရင် လူငယ်ဆို ခါးလောက်မြုပ်တယ်။ လူကြီးဆို ခါးတောင်းကျိုက်လောက် မလွတ်တော့ဘူး” လို့ မိန့်ပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ ဘားအံမြို့ ရွှေယဉ်မျှော်ဘုရား၊ မိုးလုံလေလုံအားကစားရုံ၊ အထက ၃ ကျောင်းအားကစားရုံ၊ အမက ၉ (မူလွန်)ကျောင်း၊ အမက ၁၀၊ အမက ၁၁၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်း၊ ကြားတောရကျောင်းနဲ့ ဆိုင်ကလုန်းရှပ်တာ စတဲ့ ယာယီကယ်ဆယ်ရေးစခန်း ၉ ခုမှာ ခိုလှုံနေရပါတယ်။

သံလွင်မြစ်ရေ ရေဝင်ရောက်မှု မြန်ဆန်နေတဲ့အတွက် ရေဝင်ရောက်မှု ၁ ပေနီးပါး ထပ်မံရောက်ရှိရင် ၂၀၁၈ ခုနှစ်က ဘားအံမြို့ရဲ့ ရေကြီးမှုစံချိန်ကို ရောက်ရှိနိုင်တယ်လို့ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို နေအိမ်တွေကနေ ရေဘေးလွတ်ရာကို အဖွဲ့ခွဲပြီး အရေးပေါ် ကယ်ဆယ်နေရပါတယ်။ ရေဘေးသင့်ပြည်သူတွေဟာ ရေကြီးနစ်မြုပ်မှုကြောင့် နေအိမ်တွေ၊ နေအိမ်ရှိ ပစ္စည်းတချို့ ရေနစ်မြုပ်ပျက်စီးတာ၊ မိသားစုစားဝတ်နေရေးအတွက် တပိုင်တနိုင် စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အပြင် အခြခံလူတန်းစားတွေဟာ အလုပ်အကိုင်တွေ ရပ်နားလိုက်ရပါတယ်။

ဒေသခံပြည်သူတဦးက “ပြောင်းတယ်၊ ရွှေ့တယ်၊ သူတို့ ကြိုတင်စုဆောင်းထားတာတွေနဲ့ စားနေကြတယ်။ ၂၀၁၈ ခုနှစ်လောက်ကလို ရေရှည်ဆိုရင် ဘယ်သူမှ အဆင်မပြေလောက်ဘူး။ အခုက စီးပွားရေးအရကော ဘာအရကော ကုန်ဈေးနှုန်းကတက်နဲ့ ဒီနှစ်က ကြိုတင်ဝယ်ထား စုဆောင်းထားတာတွေ မရှိသလောက်ပဲ” လို့ ပြောပါတယ်။

သံလွင်မြစ်ရေ တိုးလာတဲ့အတွက် ဘားအံကမ်းနားလမ်းတလျှောက် ရေ‌ေကျာ်နေတဲ့အပြင် ဘားအံ-မော်လမြိုင် (အဖြာင့်လမ်း) ပိုင်းတချို့မှာ လမ်းရေကျော်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး နေအိမ်တွေ ရေနစ်မြုပ်တာတွေကြောင့် မီးသတ်၊ ကြက်ခြေနီ၊ ပရိဟိတ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးတွေ အရေးပေါ် လုပ်ဆောင်နေရပြီး ဩဂုတ် ၁၀ ရက် မနက် ၇ နာရီ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013