DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်သဖြင့် ချင်း(ဂျင်း) စျေးနှုန်း ပြန်လည်မြင့်တက်
DVB
·
August 10, 2023
ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်သဖြင့် ချင်း(ဂျင်း) စျေးနှုန်း ပြန်လည်မြင့်တက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်လာတာနဲ့ ပြည်တွင်း ချင်း(ဂျင်း) ဝယ်လိုအား တိုးလာတာကြောင့် ချင်းစျေးနှုန်း ပြန်လည်မြင့်တက်လာတယ်လို့ ချင်းရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

ချင်းစျေးနှုန်းဟာ ဇူလိုင်လက တပိဿာကို ကျပ် ၃,၃၀၀ သာရှိခဲ့ရာက ဒီနေ့ သြဂုတ် ၁၀ ရက် စျေးနှုန်းအရ ကျပ် ၄,၃၀၀ မှ ၄,၅၀၀ အထိ မြင့်တက်လာပါတယ်။

အောင်ပန်းရှိ ကုန်စည်ရောင်းဝယ်ဒိုင်တဦးက “ဘင်္ဂလားဒေ့ရှ်က ချင်း(ဂျင်း) အဝယ်ပြန်လိုက်လာလို့ စျေးနှုန်း ပြန်တက်လာတာပေါ့။ အခုက ရာသီဥတု ဖောက်ပြန်နေပြီး ရေတွေ​ကြီးနေလို့ ၁,၀၀၀ ကျော်လောက်ပဲ တက်တာပါ။ ရာသီဥတု ပုံမှန်ပြန်ဖြစ်သွားရင်တော့  ချင်း(ဂျင်း) စျေးက ဒီထက်ပိုတက်လာမှာပါ။ အစ်ကိုတို့ပွဲရုံကတောင် ဘင်္ဂလားဒေ့ရှ်ကို ချင်း ၁၂ ဘီးကား ၁၅ စီး ဒီအပတ်အတွင်း ပို့ပေးရမှာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ချင်းတွေဟာ တခြားနိုင်ငံတွေက ချင်းတွေထက် စျေးသက်သာတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပိုမိုဝယ်ယူတယ်လို့ ချင်းရောင်းဝယ်ရေး ကုန်သည်တဦးက ပြောပါတယ်။

ချင်းဟာ ပြည်ပဝယ်လိုအား တိုးလာတာသာမက ပြည်တွင်းသုံးစွဲဖို့ ချင်းဝယ်လိုအားလည်း အရင်လတွေနဲ့ယှဥ်ရင် တိုးလာပြီး အောက်ပြည်ဘက်က အမှာများလာတယ်လို့ ဆက်ပြောပါတယ်။

“မြန်မာပြည်က ချင်း(ဂျင်း)ကို သူတို့ဝယ်တယ်ဆိုတာကလည်း စျေးသက်သာလို့ပေါ့။ နောက်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကလည်း တခြားနိုင်ငံတွေနဲ့ ယှဥ်လိုက်ရင် အများကြီး သက်သာတယ်လေ။ အခုက ပြည်တွင်းကော ပြည်ပကော ချင်း(ဂျင်း)ဝယ်လိုအားက တိုးလာတယ်။ ဒီအချိန်က ချင်း(ဂျင်း) ထွက်နေတဲ့အချိန် ဖြစ်တာတောင် ချင်းက နေ့တိုင်း လိုက်ပတ်ရှာနေရတယ်။ ဒီတနှစ်လုံးမှာတော့ ဒီလက ရောင်းအားတော်တော်ကောင်းတယ်။”

မြန်မာနိုင်ငံမှာ ချင်း(ဂျင်း) စိုက်ဧရိယာ ၁၉,၃၃၃ ဧကရှိပြီး တဧက အထွက်နှုန်းမှာ ပိဿာ ၂,၆၀၀ ရှိပါတယ်။

ချင်း(ဂျင်း) ကို ရှမ်းပြည်နယ်မှာ ဧက ၁၂,၇၈၇ နဲ့ အများဆုံးစိုက်ပျိုးပြီး ချင်းပြည်နယ်က ၂,၄၂၇ ဧကနဲ့ ဒုတိယအများဆုံး၊ မန္တလေးတိုင်းမှာ ၉၃၅ ဧကနဲ့ တတိယအများဆုံး စိုက်ပျိုးပါတယ်။

မြန်မာနိုင်ငံက မေလ ၁ ရက်မှ ၂၃ ရက်နေ့အထိ စစ်တွေကတဆင့် မောင်တောင်နယ်စပ် ကုန်သွယ်ရေးဂိတ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ချင်းတန်ချိန် ၈၀ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃၈ သန်းဖိုး တင်ပို့ထားနိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာန စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013