
ဟာဝိုင်အီကျွန်းစုရှိ မောက်အီကျွန်းမှာ သြဂုတ် ၉ ရက်က ဟာရီကိန်းမုန်တိုင်းကြောင့် လေတိုက်ခတ်မှုကနေ ထကြွလာတဲ့ တောမီးတွေကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင်ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး တချို့လူတွေလည်း မီးတောက်တွေ၊ မီးခိုးငွေ့တွေကနေ လွတ်မြောက်ဖို့ ပင်လယ်သမုဒ္ဒရာထဲကို ခုန်ချခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တောမီးကြောင့် လဟိုင်းနား ခရီးသွားအပန်းဖြေစခန်း အပါအဝင် ကျွန်းအနောက်ဘက်ခြမ်းက ပျက်လုနီးပါး ဖြစ်နေပြီး အမြန်လမ်းတခုသာ ကျန်နေပါတော့တယ်။ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုတွေကိုတော့ တွက်ချက်ဖို့ စောလွန်းနေသေးကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
မောက်အီကျွန်း အနောက်ဘက်ခြမ်းကို အရေးပေါ်ဝန်ထမ်းတွေနဲ့ အဲဒီနေရာက ရွှေ့ပြောင်းသူတွေကလွဲရင် ဘယ်သူမှ ဝင်ထွက်ခွင့်မရှိပါဘူး။ ပင်လယ်ထဲ ခုန်ချထွက်ပြေး လွတ်မြောက်ခဲ့သူတွေကို အမေရိကန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ရပါတယ်။
တောမီးဟာ အသီးအရွက်ခြောက်တွေ၊ တောင်ဘက်ကို ဖြတ်သန်းလာတဲ့ ဟာရီကိန်း ဒိုရာက လေပြင်းတိုက်ခတ်မှုတွေနဲ့ စိုထိုင်းဆ နိမ့်မှုတွေကနေ ပေါင်းစုံပြီး လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောကြားချက်အရ သိရပါတယ်။
ဟာရီကိန်းမုန်တိုင်းကြောင့် ဟာဝိုင်အီမှာ တောမီးလောင်ကျွမ်းမှုကနေ ဒီလောက်ပျက်စီးမှုပမာဏ ကြီးကြီးမားမားဖြစ်မယ်လို့ ပြည်နယ်တာဝန်ရှိသူ ဘယ်သူကမှ ထင်မှတ်မထားကြောင်း ဟာဝိုင်အီရဲ့ ယာယီအုပ်ချုပ်ရေးမှူး ဆီလ်ဗီယာ လုခ်က ပြောပါတယ်။
Source - Reuters










