DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း စားအုန်းဆီဈေးနှုန်း ထိုးတက်ပြီး ဆိုင်အချို့ အရောင်းရပ်ထား
DVB
·
August 10, 2023
မြန်မာပြည်တွင်း စားအုန်းဆီဈေးနှုန်း ထိုးတက်ပြီး ဆိုင်အချို့ အရောင်းရပ်ထား
Donate to DVB

ကျပ်ငွေတန်ဖိုး ထိုးကျနေတာကြောင့် မြန်မာပြည်တွင်း စားအုန်းဆီဈေးနှုန်းဟာ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာပြီး စားအုန်းဆီ လက်လီအရောင်းဆိုင်အချို့ အရောင်းရပ်နားထားကြတယ်လို့ ရန်ကုန်မြို့ခံတွေထံက  သိရပါတယ်။

အခြေခံလူတန်းစားတွေ အားထားစားသုံးနေရတဲ့ စားအုန်းဆီဈေးနှုန်းက ဒီကနေ့ သြဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ နေရာဒေသအပေါ် မူတည်ပြီး တစ်ပိဿာကို လက်လီဈေး ကျပ် ၉၃၀၀ ကနေ ၁၄၀၀၀ ကျပ်အထိ မြင့်တက်လာတာကြောင့် စားသုံးသူတွေ အခက်တွေ့လာရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက “အခု လက်လီစျေးက တစ်ပိဿာကို ၁၄၀၀၀ ထိ တက်လာတယ်။ တရက်တည်းနဲ့ကို တော်တော်တက်လာတာ။ တချို့ဆိုင်တွေလည်း ပစ္စည်းပြတ်နေတယ်ဆို ပြီးတော့ အရောင်းရပ်ထားကြတယ်”လို့ ပြောပါတယ်။

ပြည်တွင်းလိုအပ်ချက်အရ စားအုန်းဆီကို ပြည်ပကနေ နိုင်ငံခြားငွေနဲ့ ဝယ်ယူ တင်သွင်းနေရတာ ဖြစ်လို့ ဒေါ်လာဈေး ရုတ်တရတ် ထိုးတက်လာတာက ပြည်တွင်း စားအုန်းဆီဈေးကိုပါ လိုက်ပါမြင့်တက်စေခဲ့တာ ဖြစ်တယ်လို့ စားသုံးဆီ လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

“စားအုန်းဆီက သွင်းကုန်ဖြစ်တော့ ဒေါ်လာဈေး၊ ဆီဈေးတက်တဲ့အခါ လိုက်တက်တာပေါ့။ နောက်ပြီး မြ၀တီလမ်းကြောင်းကလည်း ပိတ်နေတော့ ထိုင်းဘက်ကနေ ဝင်နေတဲ့ စားဆီတွေကလည်း ဝင်မလာတော့ဘူး။ ဒါတွေကြောင့် တက်လာတာဖြစ်နိုင်တယ်။”

စစ်ကောင်စီက ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ်တွေ ရိုက်ထုတ်ပြီးတဲ့နောက် အရင်ကတည်းက တန်ဖိုး ကျဆင်းနေတဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ ပိုမိုထိုးကျသွားပြီး စားအုန်းဆီ အပါအဝင် ပြင်ပကနေ နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေဟာလည်း ဈေးနှုန်းတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းက နှစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမယ်လို့ မကြေညာခင်က တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်မှာပဲ ရှိခဲ့ပြီး နှစ်သောင်းတန် ထုတ်ဝေပြီး ၁၀ ရက်အကြာ ဒီကနေ့မှာတော့ တစ်ဒေါ်လာကို ၃,၅၆၀ ကျပ်အထိ မြင့်တက်ရောက်ရှိနေပါတယ်။

စစ်ကောင်စီဖွဲ့စည်းထားတဲ့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာကို ၄၁၅၀ ကျပ် သတ်မှတ်ထုတ်ပြန်ထားပေမယ့် ပြင်ပစျေးကွက်မှာတော့ အဲဒီသတ်မှတ်ဈေးထက် နှစ်ဆကျော် ၃ ဆလောက် မြင့်တက်နေပါတယ်။

ကော်မတီကတော့ စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်တာတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က စားအုန်းဆီ တပိဿာကို ကျပ် ၄၀၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး အခုလို စားအုန်းဆီဈေးမြင့်တက်မှုဟာ ဝင်ငွေအလုပ်အကိုင် လျော့နည်းလာတဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအပေါ်ရိုက်ခတ်မှု ကြီးမားခဲ့ပါတယ်။

အိမ်ရှင်မ တစ်ဦးက “ကုန်စျေးနှုန်းတွေ တက်တော့ စားအုန်းဆီကို ပြောင်းစားနေရတာ။ မရှိတဲ့သူတွေဘဝ ရောဂါရတာ နောက်ထား၊ စားအုန်းဆီတောင် စားဖို့မလွယ်တော့ဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားဆီလိုအပ်ချက်က နှစ်စဉ် တန်ချိန် ၁၁ သိန်းခန့်ရှိတဲ့အထဲ တန်ချိန် ၉ သိန်းကို ပြည်ပကနေ တင်သွင်းနေရတယ်လို့ သိရပါတယ်။

ပြည်ပက တင်သွင်းနေတဲ့ စားအုန်းဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အခြေခံဝင်ငွေနည်း ပြည်သူတွေ အခက်အခဲ ဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီကတော့ ဆီတင်သွင်းမှုကို အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပြုထားပြီး ရေရှည်မှာ စားသုံးဆီကို ပြည်တွင်းစားသုံးမှု ဖူလုံဖို့အပြင် ပြည်ပကိုပါ တင်ပို့ရောင်းချနိုင်ဖို့အထိ ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သူ့လက်အောက်ခံ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ ဩဂုတ်လ ၈ ရက်က တွေ့ဆုံရာမှာ ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးပြီး ပြည်တွင်းစာသုံးဆီ ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်မှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံတွေ ဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာတွေကို ပန်းတိုင်ထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရင် စားသုံဆီ ဖူလုံ၊ ပိုလျှံမှုရှိနိုင်တာ တွေ့ရ‌ကြောင်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013