
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းအုပ်စုက ညောင်တောကျေးရွာအနီးမှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံအမျိုးသားတယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့ကာ နွားတကောင်လည်း ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၈ ရက် နေ့လယ် ၁ နာရီခွဲလောက်က ကလေး-ရာဇဂြိုဟ် လမ်းမကြီးဘေးက ညောင်တောသုသာန်အနီး လမ်းဘေးမှာ ပျဉ်းတောဦးရွာကနေ နွားယူပြီး ပြန်လာစဉ် နွားက မိုင်းနင်းမိပြီး မိုင်းပေါက်ကွဲခဲ့ကာ ညောင်တောရွာသား အသက် ၁၈ နှစ်အရွယ် ချင်းတိုင်းရင်းသား လူငယ်တဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လက်ပံချောင်းရွာ ဒေသခံတဦးက “နွားက မိုင်းနင်းမိသွားတာ။ နွားက နင်းမိရာကနေ နွားမောင်းလာတဲ့ ကလေးတယောက် ပွဲချင်းပြီးသေတယ်။ နောက်တယောက်က ဒဏ်ရာရတယ်။ လမ်းဘေးက ဖြတ်သန်းသွားလာတဲ့ ဒေသခံတယောက် ဒဏ်ရာရတယ်။ နွားကတော့ ချက်ချင်းမသေဘူး။ ပြန်ကောင်းလာနိုင်တဲ့ အနေအထား မရှိတာမို့ သတ်ပစ်လိုက်ရတယ်” လို့ ပြောပါတယ်။
ကလေး-ရာဇဂြိုဟ် ကားလမ်းမပေါ်မှာ မိုင်းနင်းမိပြီး ဒေသခံသေဆုံးတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့မိုင်း ဆိုတာကိုတော့ သေချာမသိကြရဘူးလို့ ဆိုပါတယ်။
အဲ့ဒီ လက်ပံချောင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး လက်ပံချောင်းကျေးရွာအုပ်စုကတော့ ဒေသခံ ကာကွယ်ရေးတပ်တွေ အများဆုံး လှုပ်ရှားနေထိုင်တဲ့ နယ်မြေလည်း ဖြစ်ပါတယ်။










