DVB Logo
Home
မြန်မာသတင်း
ပြည်သူမျှော်လင့်နေသည့်ပန်းတိုင် ရောက်တော့မည်ဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော
DVB
·
August 10, 2023
ပြည်သူမျှော်လင့်နေသည့်ပန်းတိုင် ရောက်တော့မည်ဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော
Donate to DVB

KIO/KIA အဖွဲ့သားတွေအနေနဲ့ ပြည်သူလူထုဘက်မှာ ပြတ်ပြတ်သားသား မားမားမတ်မတ် ရပ်တည်ကြဖို့နဲ့ စစ်ကောင်စီဟာ တနေ့ထက်တနေ့ ကျဆုံးလာနေပြီဖြစ်လို့ ပြည်သူလူထု တရပ်လုံး မျှော်လင့်နေတဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်တော့မယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၁၀ ရက် ဒီကနေ့ကျရောက်တဲ့ ၄၈ နှစ်မြောက် ကချင်အာဇာနည်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ကချင်ဘာသာနဲ့ ရေးသားထားတဲ့ မိန့်ခွန်းမှာ ပြောကြားထားတာပါ။

အခုအချိန်ဟာ စစ်ကောင်စီတပ်တွေကို မြန်မာပြည်သူလူထုတရပ်လုံးက တော်လှန်နေတာ ဖြစ်ပြီး လူဦးရေပိုများတဲ့ ဗမာပြည်သူတွေကိုယ်တိုင်က လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး မရပ်မနား တိုက်ပွဲဝင်နေကြပြီဖြစ်သလို ကေအိုင်အိုဟာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးလုပ်ငန်းစဥ် လုပ်ဆောင်နေပြီလို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက “မြန်မာတနိုင်ငံလုံး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ကောင်စီက ကျဥ်းထဲကျပ်ထဲ အခက်တွေ့နေပြီဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေလည်း ကျဆုံးနေပြီး ထွက်ပြေးတိမ်းရှောင်တဲ့ စစ်သားတွေ များလာတယ်လို့လည်း ကြားသိရပါတယ်။ ဒီလိုဖြစ်စဥ်တွေကြောင့် စစ်ကောင်စီဟာ လက်နက်မဲ့ အရပ်သားပြည်သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုပါမကျန် နှိပ်စက်၊ သတ်ဖြတ် ချေမှုန်း၊ ဖျက်ဆီးပြီး စစ်ရာဇဝတ်မှု (war crime) ကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြတာဟာ စစ်ကောင်စီ ကျဆုံးမယ့် အရင်းအမြစ်ဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ အခင်းအကျဥ်းဟာ စစ်ကောင်စီနဲ့ ပြည်သူလူထုကြား ဖြစ်ပွားနေတဲ့ တော်လှန်ရေးဖြစ်ပြီး KIO/KIA အမှုထမ်းတွေ ပြည်သူလူထုဘက်မှာ ပြတ်ပြတ်သားသား မားမားမတ်မတ် ရပ်တည်ဖို့လည်း တိုက်တွန်းထားပါတယ်။

“အခုလို စစ်ကောင်စီက ကျဥ်းထဲကျပ်ထဲရောက်ပြီး အခက်တွေ့ ကျရှုံးလာတဲ့အချိန်မှာ အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့ဟာ ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး စစ်ကောင်စီကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီ ထွက်ပေါက်ရပြီး ပြန်လည်နာလန်ထူသွားနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တာကိုလည်း နိုးကြား သတိထားနေရမယ်။ လက်ရှိဖြစ်နေတဲ့ အခင်းအကျဥ်းဟာ စစ်ကောင်စီနဲ့ ပြည်သူလူထုကြား ဖြစ်ပွားနေတဲ့ တော်လှန်ရေးဖြစ်ပြီး KIO/KIA အမှုထမ်းတွေ ပြည်သူလူထုဘက်မှာ ပြတ်ပြတ်သားသား မားမားမတ်မတ် ရပ်တည်ရမယ်။ မြန်မာနိုင်ငံကို ကောင်းမွန်တဲ့ နိုင်ငံရေးလမ်းစဥ်အသစ် ပြောင်းလဲပေးနိုင်ဖို့အတွက် KIO/KIA အမှုထမ်းတွေ အားလုံး အားကြိုးမာန်တက် ပါဝင်ရမယ်” လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

စစ်ကောင်စီက တနေ့ထက်တနေ့ ကျဆုံးလာနေပြီဖြစ်တဲ့အတွက် ပြည်သူလူထုတရပ်လုံး မျှော်လင့်နေတဲ့ ပန်းတိုင်ကို ရောက်လာတော့မှာ ဖြစ်တာကြောင့် KIO/KIA အမှုထမ်းတွေနဲ့ ပြည်သူလူထုတရပ်လုံး ကေအိုင်အိုချမှတ်တဲ့ နိုင်ငံရေးလမ်းစဥ်ကို ယုံကြည်မှုရှိရှိ ဆက်လက်ကြိုးစားဆောက်ရွက်သွားကြဖို့ ကေအိုင်အိုခေါင်းဆောင်က တိုက်တွန်း ပြောပါတယ်။

KIO/KIA ဦးစီးတည်ထောင်သူ KIO/KIA ခေါင်းဆောင် GOC Lahtaw Zau Seng ကို အဲဒီအချိန်က ထိုင်းနိုင်ငံအတွင်းရှိ ကေအိုင်အေ တပ်စခန်းအနီးမှာ လုပ်ကြံခံရတဲ့ ၁၉၇၅ ခုနှစ် သြဂုတ် ၁၀ ရက်ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပတာ ဖြစ်ပါတယ်။

ကေအိုင်အေခေါင်းဆောင် စစ်ဦးစီးချုပ် GOC Lahtaw Zau Seng နဲ့အတူ ညီအရင်းဖြစ်တဲ့ ကေအိုင်အေ ဒုစစ်ဦးစီချုပ် Dukaba Lahtaw Zau Tu နဲ့ ကေအိုင်အို/ကေအိုင်အေ အထွေထွေ အတွင်းရေးမှူး ဖုန်ရွှေဇော်ဆိုင်းတို့ပါ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013