
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ဇူလိုင် ၂၇ ရက်ကနေ ဩဂုတ် ၇ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။
မိုးရွာသွန်းမှုကြောင့် လူနေအိမ်ခြေ အလုံး ၂၀ ကျော်နဲ့ မြေထိန်းနံရံတွေပါ ပျက်စီးခဲ့ပြီး ကာလတန်ဖိုး သိန်း ၆၆၀ ကျော်ဖိုး ဆုံးရှုံးခဲ့ကာ ဒေသခံတွေအနေနဲ့ ပြန်လည်ထူထောင်ရေး အခက်ကြုံနေပါတယ်။
လူနေအိမ်ခြေ ပျက်စီးသွားတဲ့ ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးတွေရဲ့နေအိမ်နဲ့ ဘုရားကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။
ပလက်ဝမြို့ခံတဦးက “မိုးက ဆက်တိုက်ရွာတယ်။ ပလက်ဝက မြေသားပျော့တော့ မြေထိန်းနံရံတွေ အကုန်ပြိုကုန်တယ်။ စိုက်ကွင်းတွေလည်း အကုန်ရေမြုပ်ပြီး ပျက်စီးကုန်ပါတယ်” လို့ ပြောပါတယ်။
ပလက်ဝမြို့ရဲ့ တခုတည်းသော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကျောက်တော်မြို့မှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး ပလက်ဝ-ကျောက်တော် ကုန်ပစ္စည်းသယ်ယူတဲ့သင်္ဘော မထွက်တဲ့အတွက် မြို့ခံတွေ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။










