
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ သြဂုတ် ၉ ရက်နေ့ မနက်နဲ့ မွန်းလွဲပိုင်းတွေမှာ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။
ရေစကြိုမြို့နယ် မြေဖြူကျေးရွာကို ရောက်ရှိနေတဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း သြဂုတ် ၉ ရက် မနက် ၉ နာရီလောက်မှာ သော်ကဲဘ ကျေးရွာဘက်ကို ထွက်လာတဲ့အချိန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ကြတယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ကိုဆက်မတိုးရဲဘဲ မြေဖြူကျေးရွာ တောတိုက်ထဲမှာ ပုန်းအောင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရှေ့ကို ဆက်တိုးလာလို့ သော်ကဲဘ ကျေးရွာနဲ့ညောင်ပင်စုကျေးရွာကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အရေအတွက်ကို အတိကျမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖနဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ သြဂုတ် ၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပကဖ ယူနီဖောင်းဝတ်ဆင်ပြီး အယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။
မြိုင်မြို့မှာလည်း သြဂုတ် ၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့-ARSMC ကနေ သိရပါတယ်။
မြိုင်မြို့နယ် ငှက်ပျောတွင်းကျေးရွာကို သြဂုတ် ၈ ရက် မနက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး တအိမ်ကို ၃၀၀၀၀ ကျပ်နှုန်း လိုက်ကောက်တာကြောင့် ARSMC ကိုတင်ပြပြီး စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ခုဖြစ်တဲ့ မန္တလေးဂိတ်နဲ့ ပခုက္ကူဂိတ်တွေကို မွန်းလွဲ ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ARSC ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုတက ဒီဗွီဘီကိုပြောပါတယ်။
ပခုက္ကူဂိတ်ကို မီတာ ၇၀၀ လောက်အကွာ၊မန္တလေးဂိတ်ကို မီတာ ၅၀၀ လောက်အကွာကနေ ၈၀ မမ၊ ရှော့တိုက်ဒုံးတွေ၊ ရှော့တိုက် ၁၂၀ အဖူးတွေ အလုံး ၅၀ ကျော်လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်တိုက်ခိုက်မှုကြောင့် ဂိတ်ပတ်ချာလည်တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့သလို့ နောက်ဆုံးတလုံးက ဂိတ်အတွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး မြိုင်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။
“ပခုက္ကူဂိတ်ကကောင်တွေကတော့ ဂိတ်ပတ်ချာလည်မှာ လက်နက်ကြီကျည်တွေ ကျရောက်ပေါက်ကွဲလို့ ကြောက်လန့်ပြီး မြို့ထဲကိုဝင်ပြေးကြတယ်။ မန္တလေးဂိတ်ဘက်က တောက်လျှောက် ၆၀ မမတွေ၊ အော်တိုတွေပစ်တယ်။ မြို့ပတ်လမ်း အထက ၂ ဘက်ကနေ ၈၁ မမတွေနဲ့ ပြန်ပစ်တယ်။ သူတို့လက်နက်ကြီးတွေက တိကျတာကြောင့် ကျနော်တို့တည်နေရာကို သိသွားလို့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်” လို့ ကိုသုတက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ARSMC ရဲ့ လမ်းညွှန်ချက်နဲ့ မြိုင်ပကဖက ဗိုလ် Cross၊ ဗိုလ်လင်းယုံတို့က ဦးဆောင်ပြီး ပခုက္ကူခရိုင်တပ်ရင်း(၁၃)၊ MVP၊ မဟူရာအလင်းတန်း၊ ဇာမနီ၊ Mဒေါင်းနီ၊ တုတ်ကြီးနဲ့ DMG အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နောက်နောင်လုပ်ဆောင်မယ် စစ်ဆင်ရေးတွေမှာလည်း ARSMC ရဲ့ လမ်းညွန်ချက်နဲ့ အရှိန်ဟုတ်မြှင့် တိုက်ခိုက်သွားမယ်လို့ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။










