
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ၁၅ နှစ်အရွယ် လူငယ်တယောက်နဲ့ ဒေသခံ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပြီး စွပ်စွဲသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တကောင်းတိုက်နယ်၊ မိုင်းဒိုင်းကျေးရွာသားတယောက်နဲ့ ဥသျှစ်ကုန်းကျေးရွာသားတယောက်တို့ကို စစ်ကောင်စီတပ်က ဩဂုတ် ၅ ရက် ညနေပိုင်းမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “စစ်ကောင်စီတပ်စွဲထားတဲ့ အင်းနက်ရွာနားမှာ အဖမ်းခံရတာ။ စစ်ဆေးရေးဂိတ်နားက မုန့်ဆိုင်မှာ မုန့်ဝင်စားရင်း PDF ဆိုပြီး ဖမ်းပြီး သတ်ပစ်လိုက်တယ်။ သူတို့တွေက PDF လည်း မဟုတ်ပါဘူး။ တောင်ပေါ်မှာ ကျောက်တူးနေတဲ့သူတွေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မိုင်းဒိုင်ကျေးရွာသား လူငယ်နဲ့ အသက် ၂၈ နှစ်အရွယ် ဥသျှစ်ကုန်းကျေးရွာသားတို့ကို စစ်ကောင်စီတပ်က အင်းတိုင်ကျေးရွာအတွင်းမှာ ပစ်သတ်ခဲ့ပြီး အလောင်းကိုလည်း ပြန်မပေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံပြည်သူ ၈၀ ကျော်ကို ဖမ်းဆီးကာ နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။