DVB Logo
Home
Lead Story
PDF ကို မနိုင်သေးဘူးလို့ ဝန်ခံလိုက်တဲ့ မင်းအောင်လှိုင်
DVB
·
August 10, 2023
PDF ကို မနိုင်သေးဘူးလို့ ဝန်ခံလိုက်တဲ့ မင်းအောင်လှိုင်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကာ/လုံ အစည်းအဝေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force-PDF) တွေကို မနိုင်တဲ့အတွက် နိုင်ငံတော်ကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်သေးလို့ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးပါတယ်လို့ ပြည်သူလူထုကို သူ့ရဲ့ နောက်လိုက်နောက်ပါတွေရှေ့မှာ တရားဝင် ပြောကြားဝန်ခံလိုက်ပါတယ်။

စစ်တပ်က မတရားအာဏာစသိမ်းပြီးကတည်းကနေ ယနေ့အချိန်ထိ တိုင်းပြည် တည်ငြိမ်အောင် အေးချမ်းသာယာအောင်ဆိုပြီး တိုင်းသူပြည်သားတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရွာတွေကိုမီးရှို့၊ မိန်းက‌လေးတွေကို မုဒိမ်းကျင့် နည်းမျိုးစုံနဲ့ ရက်စက်ပစ်လိုက်တာ အခုဆို ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ကို စိတ်နာမုန်းတီးပြီး တော်လှန်ရေးသမားတွေ ဖြစ်လာခဲ့ကြတယ်။ တော်လှန်ရေးအင်အားစုတွေ နေ့စဉ် စစ်သည်အင်အား အတိုးပဲရှိလာခဲ့ပြီး အားကောင်းတဲ့တပ်ဖွဲ့တွေ ဖြစ်လာတယ်။ အခြေခံစစ်ပညာတွေ သင်ကြားတတ်မြောက် လာကြတယ်။ ကောင်းမွန်တဲ့ ခံယူချက်နဲ့ တိုက်စွမ်းရည်ပြည့် တော်လှန်ရေးသူရဲကောင်းတွေ နေ့စဉ် တိုးပွားလျက် ရှိနေပါတယ်။

နိုင်ငံတော်အတွက်မဟုတ်တဲ့ တလွဲခံယူချက်နဲ့ မင်းအောင်လှိုင် စစ်သားတွေဟာ ဘီလူးစစ်ကြောင်း၊ အာဠာဝကစစ်ဆင်ရေး၊ ဘာစစ်ကြောင်း ညာစစ်ကြောင်းဆိုပြီး လက်နက်မရှိတဲ့ ပြည်သူတွေကိုသာ ယုတ်မာရဲကြတာ၊ တိုင်းပြည်အနာဂတ်အတွက် အရာရာ ပေးဆပ်စွန့်လွှတ်စွန့်စားလိုစိတ်၊ ပြင်းပြတဲ့ခံယူချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ် ခံယူထားတဲ့ PDF နဲ့လည်းတွေ့ရော အာဠာဝကခမျာ ဦးထုပ်တောင်မကောက်နိုင်ဘဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးတာ တန်းနေတာပဲ။ အခု ဘီလူးဆိုတဲ့ စစ်ကြောင်းလည်း PDF ကိုတိုက်ပေမဲ့ သေနတ်နဲ့ ခဲယမ်းတွေတောင် ပြန်မယူနိုင်ဘဲ အသက်နဲ့ ခန္ဓာတွေ အိုးစားကွဲလို့ အကျအဆုံးများနေတယ်လို့ သတင်းတွေထဲမှာ တွေ့ရှိနေရတယ်။

မင်းအောင်လှိုင်ဟာ သူ့ရဲ့အာဏာသက်တမ်းကို အကြိမ်ကြိမ်တိုးယူနေရတာဟာ ဒီတော်လှန်ရေးရဲ့ အဖြေတခုပဲ ဖြစ်တယ်။ အာဏာသိမ်းကာလ သုံးနှစ်နီးပါးကြာလာပေမဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် သူ ဘယ်လိုမှ ထိန်းချုပ်လို့မရတော့ဘူး။ တိုင်းပြည်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အဘက်ဘက် ချို့ယွင်းပျက်စီးသွားတယ်။ တိုင်းသူပြည်သားတွေရဲ့ ဘဝဟာလည်း သေလူနဲ့မခြား အရာရာ လက်လွှတ်ဆုံးရှုံးခဲ့ကြရတယ်။ ကိုယ့်အသက် ကိုယ်မပိုင်တော့သလို ပိုင်ဆိုင်မှု မှန်သမျှဟာလည်း ဘာမှ အာမခံချက် မရှိတော့ပါဘူး။ အာဏာရှင်မိစ္ဆာတွေကို တနိုင်ငံလုံး တပြိုင်တည်း တချီတည်း တွန်းလှန်တိုက်ထုတ်ကြဖို့ အချက်ပေးခရာသံကို အသင့်ပြင်ကာ စောင့်ဆိုင်းနေကြပြီဖြစ်တယ်။ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေ၊ အနီးအနား နေထိုင်သူတွေ လွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့ ကြိုတင်ပြင်ဆင်ထားကြပါ။ နွေဦးတော်လှန်ရေးက ခေတ်ပြောင်း စနစ်ပြောင်း ပဉ္စမနိုင်ငံတော် တည်ဆောက်မယ့် တော်လှန်ရေးဖြစ်လို့ ရရာအခန်းကဏ္ဍကနေ ရရာနည်းနဲ့ ပြည်သူတွေ ပါဝင်တိုက်ထုတ်ကြမှာ ဖြစ်တယ်။ မကြာခင်မှာ မင်းအောင်လှိုင်နဲ့ နောက်လိုက်နောက်ပါတွေဟာ ကြမ္မာဆိုးတွေ အစုလိုက် အပြုံလိုက်နဲ့ ရင်ဆိုင်ရပါတော့မယ်။

မင်းအောင်လှိုင်စစ်တပ်ဟာ ဒီနေ့ဒီအချိန်မှာတော့ မြို့စောင့်စစ်တပ်အဖြစ်သာ ရှိ‌ပါတော့တယ်။ မြို့အနီးအနားလေးပဲ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်တွေကို စစ်တပ်က လက်လွှတ်ရတဲ့ အနေအထားတွေ ရှိလာပြီဖြစ်တယ်။ စစ်ရေးသတင်းကို ပြည်သူတွေဆီက အလွယ်တကူ မစီးဆင်းနိုင်အောင် လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့တားဆီးပေမဲ့ ပြည်သူတွေကလည်း တိုက်ပွဲသတင်း၊ စစ်ရေးသတင်းကို ခြေသံလုံလုံနဲ့ တိုက်ခိုက်‌ချေမှုန်းနေကြပြီ ဖြစ်တယ်။ မင်းအောင်လှိုင်ဟာ အခုဆို ပြည်သူ့စစ်၊ ပျူစောထီးနဲ့ သူ့နောက်လိုက် တိုင်းရင်းသားလက်နက်ကိုင် အနည်းငယ်သာ ရှိတော့တယ်။ အဲ့ဒီအဖွဲ့တွေမှာလည်း သူတို့အချင်းချင်း အမိန့်ပေးစေခိုင်းသူတွေကို သေနတ်ပြောင်းပြန်လှည့်နိုင်ခြေ ဖြစ်ပေါ်နေတယ်။ တယောက်နဲ့တ‌ယောက် ယုံကြည်မှုတွေ မှေးမှိန်နေကြပြီ။

ဒါကြောင့်မို့ ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က PDF တွေကို နိုင်အောင် မတိုက်နိုင်သေးလို့ နိုင်ငံတော် မတည်ငြိမ်သေးဘူး၊ ရွေးကောက်ပွဲလည်း ကျင်းပဖို့ မဖြစ်နိုင်သေးဘူး ဆိုပြီး အစည်းအဝေးမှာ လူသိရှင်ကြား ဖွင့်ဟဝန်ခံလိုက်တာ ဖြစ်တယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးအတွက် ပိုပြီးကြိုးစားကြရမယ်၊ စည်းလုံးကြရမယ်၊ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး ပြည်သူတို့ရဲ့အောင်ပွဲက လက်တကမ်းပဲ လိုပါတော့တယ်။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013