DVB Logo
Home
မြန်မာသတင်း
မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းတန်ချိန် ၁၀၀ ခန့် ပြန်လည်တင်ပို့
DVB
·
August 9, 2023
မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းတန်ချိန် ၁၀၀ ခန့် ပြန်လည်တင်ပို့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်စခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သြဂုတ် ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ငါးမြစ်ချင်းတန်ချိန် ၁၀၀ လောက် ပြန်လည်တင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သည်ကြီးတွေထံက သိရပါတယ်။

မောင်တောနယ်စပ် ကုန်သည်ကြီးတဦးက “သြဂုတ်လ ၁ ရက်ကနေ ဘင်္ဂလားဘက်ကို ၈ ရက်နေ့အထိ ငါးမြစ်ချင်းတန်ချိန် ၁၀၀ လောက်နဲ့ ငါးခြောက်မျိုးစုံ ၁၀ တန်နီးပါး ပြန်လည်တင်ပို့နိုင်ခဲ့ကြတယ်။ အရင်တုန်းကတော့ ချင်းနဲ့ တညင်းသီးကိုသာ တင်ပို့နေခဲ့ရတာလေ။ အခုတော့ သူတို့နိုင်ငံက လိုအပ်လာတဲ့ ငါးမြစ်ချင်းနဲ့ ငါးခြောက်မျိုးစုံ တင်သွင်းဖို့ ခွင့်ပြုတဲ့ Bank draft တွေ ထုတ်ပေးလာတာ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ AB Bank နဲ့ Sonali Bank တွေမှာ အမေရိကန်ဒေါ်လာ နည်းပါးလာတာကို အကြောင်းပြပြီး ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်ကစပြီး အမေရိကန်ဒေါ်လာ Bank draft ပေးချေတဲ့ လုပ်ငန်းတွေ ရပ်တန့်ထားခဲ့တာကြောင့် ဘင်္ဂလားအစိုးရ သတ်မှတ်ထားခဲ့တဲ့ ကုန်စည်တွေဖြစ်တဲ့ ချင်းစိမ်းနဲ့ တညင်းသီး နှစ်မျိုးကိုသာ တင်ပို့နေခဲ့ကြရတာပါ။

သြဂုတ်လဆန်းကစပြီး ဘင်္ဂလားဘက်က လိုအပ်လာတဲ့ ငါးမြစ်ချင်းနဲ့ ငါးခြောက်မျိုးစုံ ပြန်လည်တင်သွင်းခွင့်ပြုလာပြီး အဲဒီကုန်စည် ၂ ခုအတွက် Bank draft ပေးချေတဲ့ စာရွက်စာတမ်းတွေ ပြန်လည်ထုတ်ပေးလာတာကြောင့် ငါးမြစ်ချင်းနဲ့ ငါးခြောက်မျိုးစုံကို မြန်မာဘက်က ပြန်လည်တင်ပို့နေကြတာလို့ ကုန်သည်တွေက ဆိုပါတယ်။

အဲဒီလို ကုန်စည်တွေကို လိုချင်ရင် ခွင့်ပြုပြီး မလိုချင်ရင် အခွန်အခတွေ မြှင့်တင်ထားတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရဲ့ အထက်လွှတ်တော်အမတ် မော်ဒီရဲ့ အမိန့်အာဏာနဲ့ ဆောင်ရွက်နေကြရတာလို့ ဘင်္ဂလားဘက်မှ ကုန်သည်တွေက ဆိုပါတယ်။

“အဓိက သူစီမံနေတာ။ စီးပွားရေးလုပ်ငန်းဟူသမျှ သူချုပ်ကိုင်ထားတာ။ သူတို့မလိုတဲ့ ကုန်တွေကို တင်သွင်းခွင့်အခွန်ကို အဆမတန် မြှင့်တင်ထားတယ်။ ဥပမာ ကွမ်းသီးပေါ့။ တရားဝင်လမ်းက တင်သွင်းလို့ အမြတ်မရတော့ တရားမဝင်လမ်းကြောင်းက တင်သွင်းနေကြတယ်။”

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကို စစ်တွေ ကုန်သွယ်ရေးစခန်းနဲ့ မောင်တော ကုန်သွယ်ရေးစခန်း နှစ်ခုမှ ပုံမှန်ဆောင်ရွက်နေရာမှာ ဧပြီမှ ဇူလိုင်လအထိ ၄ လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့ပါတယ်။

ပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇ သန်းနဲ့ သွင်းကုန် အမေရကန်ဒေါ်လာ ၀ ဒသမ ၈၈ သန်းဖိုး ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013