DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်မှ NLD ထုတ်ပယ်
DVB
·
August 9, 2023
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်မှ NLD ထုတ်ပယ်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အန်အယ်လ်ဒီပါတီဝင် ဒုသမ္မတ ၂  ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်ကနေ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်လိုက်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဩဂုတ် ၉ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီ သက်တမ်းထပ်တိုးတဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ကာလုံအစည်းအဝေးမှာ ဦးဟင်နရီဗန်ထီးယူလည်း ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဩဂုတ် ၈ ရက်နေ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုကော်မတီ ကြားကာလ အရေးပေါ်အစည်းအဝေးမှာ ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားအရ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်က ထုတ်ပယ်ဖို့ အများသဘောတူ ဆုံးဖြတ်ခဲ့တာလို့ ပါတီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ ပြည်သူ့ဆန္ဒကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ ပါတီရဲ့ ရည်ရွယ်ချက်တွေ၊ မူဝါဒတွေကို လိုက်နာဖို့ သစ္စာပြုထားသူဖြစ်တဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦး အနေနဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို အလေးအနက် ဆောင်ရွက်ပါမယ်လို့ ပြည်သူကို ပေးထားတဲ့ကတိကို ချိုးဖောက်တာကြောင့် ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်တာဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ အမှတ် (၃) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရာကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရရဲ့ ၂၀၁၆-၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း ဒုတိယသမ္မတတယောက် ဖြစ်ခဲ့တဲ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အန်အယ်လ်ဒီပါတီက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း မြို့နယ်တခုရဲ့ အန်အယ်လ်ဒီ လူငယ်လုပ်ငန်းအဖွဲ့ဝင်တဦးက “ပါတီရဲ့ မူဝါဒ လုပ်ငန်းစဉ်နဲ့ ဆန့်ကျင်ပြီးတော့ ဘယ်သူမှတော့ လုပ်ခွင့်မရှိဘူး။ အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စကတော့ ရန်ငါစည်းပြတ် ဆောင်ရွက်ရမှာပါပဲ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အချိန်တွေအကြာကြီး ပျောက်နေပြီးမှ ပြန်ပေါ်လာတာ ဆိုတော့ နောက်ကွယ်က အကြောင်းအရင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ရင် တော်လှန်ရေး အတွက် အကျိုးရှိနိုင်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ပြုလုပ်ခဲ့တဲ့အပြင် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒု-ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၉ ဦး‌တို့အပြင် နိုင်ငံအနှံ့ ပါတီဝင်တွေ အများအပြားကိုလည်း မတရားဖမ်းဆီးထားပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရချိန်က အင်းစိန်အကျဉ်းထောင်မှာ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ဆေးဝါးကုသခွင့် လုံလုံလောက်လောက် မရခဲ့တာကြောင့် ၂၀၂၁ ဇူလိုင်လ ၂၀ ရက်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013