Home
မြန်မာသတင်း
ပုဇွန်တောင် ရေကျော်လမ်းမတွင် အထည်ဆိုင် ဓားပြတိုက်ခံရ
DVB
·
August 9, 2023

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ ၆ ရပ်ကွက်၊ ရေကျော်လမ်းမ၊ အမှတ် ၆၀ မှာရှိတဲ့ အထည်ဆိုင်တဆိုင် ဩဂုတ် ၈ ရက် မနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံခဲ့ရပြီး ဖုန်းနဲ့ ငွေသားတွေ လုယက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၁ နာရီခွဲခန့်မှာ KM Export Fashion ဆိုင်ကို ဦးထုပ်ဆောင်း၊ အင်္ကျီနက်ပြာ လက်တို၊ ဂျင်းဘောင်းဘီ ဝတ်ဆင်ထားတဲ့ အသက် ၃၀ ကျော် အမျိုးသားတယောက် ဝင်လာပြီး အင်္ကျီဝယ်မလို့ဆိုကာ ဝန်ထမ်းတွေကို လိုက်ပြခိုင်းပြီး ဓားပြမှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆိုင်မှာ ရှိနေတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဝန်ထမ်း ၃ ဦးကို ဓားပြတိုက်သူက ဘေးလွယ်အိတ်ထဲကနေ ဓားမြှောင်ကို ထုတ်ပြပြီး အဝတ်လဲခန်းထဲမှာ လက်နဲ့ ခြေထောက်တွေကို ကြိုးတုပ်ထားခဲ့တာ ဖြစ်ပါတယ်။

KM Export Fashion ဆိုင်ပိုင်ရှင်က “မနေ့က ဆိုင်ဝန်ထမ်း ၃ ယောက်ရှိတဲ့ အချိန်မှာ အမျိုးသား ၁ ဦးက အင်္ကျီဝယ်သလိုနဲ့ အထည်တွေ ပြခိုင်းပြီး ဓားထုတ်ပြီး ကလေးတွေကို မလှုပ်နဲ့၊ လှုပ်ရင် ထိုးလိုက်မယ်ဆိုပြီး ပါလာတဲ့ ကြိုးတွေနဲ့ ကလေးတွေကို ခြေတွေလက်တွေ တုပ်ပြီး ဖုန်း ၂ လုံးနဲ့ ငွေသားတွေ ယူသွားတာပါ။ မီးပြတ်နေတဲ့အချိန်နဲ့ နေ့ခင်း လူရှင်းနေတဲ့ အချိန် ဖြစ်သွားတာ” လို့ ဆိုပါတယ်။

ဓားပြက ငွေရှင်းကောင်တာမှာရှိတဲ့ Redmi note 8 ဖုန်း ၂ လုံးနဲ့ ငွေသား ၃၀,၀၀၀ ကျပ်ခန့်ကို ယူဆောင်ထွက်သွားတာကို ‌CCTV မှတ်တမ်းတွေအရ သိရပြီး ဆိုင်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ သိရပါတယ်။

ဓားပြတိုက်ခံရမှုနဲ့ပတ်သက်လို့ ပုဇွန်တောင်ရဲစခန်းမှာ အမှုဖွင့်လှစ် တိုင်ကြားတယ်လို့ သိရပြီး ရန်ကုန်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်က မြောက်ဥက္ကလာပမြို့နယ်ရှိ အွန်လိုင်းရှော့ပင်းလုပ်ငန်း ဓားပြတိုက်ခံရမှုနဲ့ ဩဂုတ် ၃ ရက်က ရန်ကင်းမြို့နယ်မှာ The Skin Studio ဓားပြတိုက်ခံရမှုတို့က ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024