DVB Logo
Home
Lead Story
တတိယအကြိမ်မြောက် လွတ်လပ်ရေးတိုက်ပွဲ
DVB
·
August 9, 2023
တတိယအကြိမ်မြောက် လွတ်လပ်ရေးတိုက်ပွဲ
Donate to DVB

ပထမအကြိမ်

တိုင်းတပါးကျွန်ဘဝကနေ လွတ်မြောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် သူရဲကောင်းတွေ အသက်သွေးချွေးတွေနဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ယူခဲ့ကြတယ်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ မသမာသူလုတစ်စုက မသေမချင်း သေနတ်နဲ့ပစ်သတ်လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်သူရဲကောင်းတွေ ‌ကျဆုံးခဲ့ရတယ်။ ကျဆုံးပြီး ၅ လကျော်အကြာမှာ မြန်မာနိုင်ငံတော်ကြီး တိုင်းတပါးကျွန်ဘဝက လွတ်မြောက်ခဲ့တယ်။

လွတ်လပ်ရေးရပြီး ၁၄ နှစ်ခန့်အကြာ ၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်နေဝင်း စစ်တပ်က အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းခံရပြီးနောက် မြန့်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ တစ်ပါတီ အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို အနိုင်ကျင့်အုပ်ချုပ်ခဲ့တယ်။

တစ်ပါတီ အာဏာရှင်စနစ်ကို မလိုလားမနှစ်သက် လက်မခံလိုတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူနဲ့ နိုင်ငံတဝန်းက ပြည်သူလူထုတွေက ၁၉၈၈ ခုနှစ်မှာ သပိတ်မှောက် ဆန္ဒပြခဲ့ကြတယ်။

ဒုတိယအကြိမ်

၁၉၈၈ ခုနှစ် အာဏာရှင်စနစ်ကို တော်လှန်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်အတွက် ကျောင်းသားလူငယ်တွေ ဦးဆောင်ကာ ၈-၈-၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ပြီး ဆန္ဒပြသပိတ်မှောက် တော်လှန်ခဲ့ကြတယ်။ 

ဒုတိယကမ္ဘာစစ်မှာ ဂျပန်က မြန်မာကို အတုအယောင် လွတ်လပ်ရေးပေးသလို အာဏာသိမ်းစစ်တပ်ဘက်က အတုအယောင် မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီဆိုကာ ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ပြည်သူလူထုက တခဲနက် မဲပေး ရွေးချယ်ခဲ့ကြတယ်။ စစ်တပ်ဘက်က ကလိမ်ကကျစ်လုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ယနေ့ ပြုကျင့်နေတဲ့အတိုင်း မတရားဥပ‌ဒေတွေနဲ့ မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြတယ်။ ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြိမ်းခြောက်ကာ စစ်တပ်က ငြိမ်၊ဝပ်၊ ပိပြားရေး ဆိုပြီး အမိန့်အမျိုးမျိုး ထုတ်ကာ ပြည်သူလူထုကို အကြောက်တရားတွေ ပြည့်နှက်စေခဲ့တယ် (ယနေ့တိုင် ထိုနည်းအတိုင်း ပြုလုပ်နေဆဲ)။

၂၀၀၈ ခုနှစ်မှာ စစ်အာဏာရှင်တွေရဲ့ ရက်စက်တာကို ပြည်သူတွေ အလူးအလဲခံနေရချိန် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်လို့ ပြည်သူတွေ အမြောက်အမြား သေဆုံးပြီး ဒုက္ခပင်လယ်ဝေနေချိန် အခြေခံဥပဒေဆိုတဲ့ စာအုပ်စိမ်းကြီးကို သူတို့ စိတ်ကြိုက် စစ်တပ်ဘက်က အသာစီးယူရေးဆွဲပြီး ပြည်သူလူထုက ဘာမှမသိလိုက်ရ မမြင်လိုက်ရဘဲ ပြည်သူတွေ ထောက်ခံမှုနဲ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်ဆိုပြီး ပြည်တွင်း ပြည်ပကို လိမ်ညာထုတ်ပြန်ခဲ့တယ်။ တဖက်သတ် ရေးဆွဲထားတဲ့ စာအုပ်စိမ်းကြီးကိုင်ပြီး လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းစစ်သား အစိတ်သားက အခန့်သား ဘယ်မဲမှ မလိုဘဲ ဝင်ထိုင်နေလိုက်ကြပါတယ်။

အဘက်ဘက်က သူတို့အနိုင်ရဖို့ အသာစီးယူ ပြင်ဆင်ပြီးနောက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးပြီး သူတို့လူ စစ်ဗိုလ်တွေကို ယူနီဖောင်းချွတ် ချိတ်လုံချည်တွေဝတ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ရွေးချယ်ဖို့ ပါဝင်စေခဲ့တယ်။ သူတို့ဖန်တီးထားတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရစေခဲ့ကာ ဗိုလ်သိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် တင်မြောက်ခဲ့တယ်။

ရွေးကောက်ပွဲကို NLD ပါတီက အနိုင်ရလွှတ်တော်ကိုယ်စား အနည်းငယ်က လွှတ်တော်ထဲမှာ ပညာစွမ်းပြလိုက်ကြတယ်။ ပြည်သူတွေ အကျိုးဖြစ်ထွန်းမယ့် အဆိုတွေ ထိထိမိမိ တင်သွင်းတယ်။ အစိတ်သားတွေက အိပ်ချင်မူးတူးနဲ့ ကန့်ကွက်တယ်။ လွှတ်တော်သက်တမ်းတလျှောက်လုံး ဘာအဆိုမှာမတင်သွင်းဘဲ အခန့်သားထိုင် လစာယူ အိပ်ငိုက် ကန့်ကွက်ပါတယ်နဲ့ ဗိုလ်သိန်းစိန်ရဲ့ ၅ နှစ်သက်တမ်းက ကုန်သွားတယ်။

အဲဒီကာလမှ ဘယ်သူက ပြည်သူကို အကျိုးပြုတယ်၊ မပြုဘူးဆိုတာ ပြည်သူတွေ နားလည် သဘောပေါက်သွားတယ်။ အစိမ်းအုပ်စုကလည်း အဲဒီကာလလေးမှာ သာယာနေပြီး နောက်သက်တမ်းအတွက် မေ့လျော့နေကြတယ်။ အရင်လိုပဲ အောက်ခြေကတောင်တွေ မဲနိုင်အောင် လုပ်လိမ့်မယ်၊ လိမ်ပေးကြမယ် ထင်ခဲ့တယ်။ သူတို့အောက်ခြေကလူတွေ တိတ်တခိုး နီသွားတာ မသိလိုက်ကြဘူး။

တတိယအကြိမ်‌မြောက် ၊  ၂၀၂၁ လွတ်လပ်ရေးတိုက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲအတွက် ၂၀၁၅ ‌မှာ ခြေစွမ်းပြထားလို့ ပြည်သူတွေရဲ့ အားကိုးမျှော်လင့်ချက်တွေ မြင့်တက်နေတုန်း ဒေါက်ဖိနပ်သံနဲ့ မြန်မာတနိုင်ငံလုံးကို လွှမ်းခြုံပစ်လိုက်တယ်။ စစ်အုပ်စုက ဒါလည်း သူတို့က နိုင်မယ်ထင်နေတုန်း။

၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပလို့ ရလဒ်လေးတွေ ထုတ်ပြန်လာတော့ အခြေအနေမကောင်းမှန်း သိလာတဲ့ အာဏာရူး စစ်ဗိုလ်ချုပ်တွေ မျက်ကလူးဆန်ပြာဖြစ်လာပြီး သွေးရူးသွေးတန်းနဲ့ မလုပ်ရဲတာ ဘာမှမရှိဘူးကွဆိုပြီး ခြိမ်းခြောက်သလိုလို ဟိန်းဟောက်သလိုလိုနဲ့ အရူးကွက်တွေ စနင်းလာတယ်။ အဲဒီကမှ မဲမသမာဘူးတွေ ဘာတွေ ကယောင်ကတမ်း ထအော်တယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲသမာမှုရှိပါတယ်လို့ စစ်ဗိုလ်တွေ သစ္စာဆိုရဲလား။ တကယ်တမ်းကျ မဲကိစ္စက UEC ရဲ့အလုပ် စစ်တပ်ရဲ့အလုပ်မှ မဟုတ်တာ။ မဲမသမာဘူး ပြောပြီး ဖမ်းဆီး တရားစွဲဆိုတော့ တလွဲပုဒ်မတွေနဲ့ မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အမိန့်ချခဲ့တယ်။

ပြည်သူတွေရဲ့ မျှော်လင့်ချက် အနာဂတ်တွေ ရိုက်ချိုးဖျက်ဆီးခံလိုက်ရတဲ့ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို လွတ်လပ်ပြီး တရာမျှတတဲ့ ဥပဒေတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ပြီး အာဏာရူး အာဏာရှင်တွေကို အမြစ်ပြတ်တွန်းလှန်တိုက်ခိုက် မောင်းထုတ်တဲ့ ခေတ်ပြောင်း စနစ်ပြောင်းဖို့ မြန်မာနိုင်ငံရဲ့ တတိယအကြိမ်မြောက် နောက်ဆုံးတိုက်ပွဲကြီးကို ပြည်သူလူထုတရပ်လုံးက အသက် သွေး ချွေးတွေနဲ့ ဆင်နွှဲနေကြပါပြီ။ အရေးတော်ပုံ အောင်နိုင်ရေးအတွက် တိုင်းရင်းသား ညီအကိုမောင်နှမတွေ အားလုံး နိုင်ရာတာဝန်ထမ်းလို့ ကျရာအခန်းကဏ္ဍကနေ ပါဝင်ကြရင်ဖြင့် ဤခရီး မဝေးတော့ပြီ ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013