DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် ပကဖ ယူနီဖောင်းဝတ် အသွင်ယူထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
August 9, 2023
ရေစကြိုတွင် ပကဖ ယူနီဖောင်းဝတ် အသွင်ယူထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ သြဂုတ် ၈ ရက် နေ့လယ်က ပကဖ ယူနီဖောင်းဝတ်ဆင်ပြီး ပကဖ အယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲမှာ သြဂုတ် ၈ ရက် မွန်းတည့် ၁၂ နာရီလောက်က ကင်းပုန်းလာဝပ်တဲ့ ခလရ ၂၅၆ က စစ်ကောင်စီတပ်သား ၇ ယောက်ကို ကြိုတင်စောင့်ဆိုင်းပြီး လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင်ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရှေ့ဆုံးကနေ ရေစကြိုမြို့နယ် ပကဖ ယူနီဖောင်းဝတ်ဆင်ပြီး အသွင်ယူထားတဲ့ စစ်ကောင်စီတပ်သား ၂ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်လောက်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ သြဂုတ် ၄ ရက် မနက်ပိုင်းကလည်း ပကဖ အယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပကဖအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး ပကဖ ရဲဘော် ၂ ယောက်ကျဆုံး၊  ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

သြဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေကလည်း မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကန်နီ (ပျူစောထီးရွာ) ကို သြဂုတ် ၆ ရက် ည ၉ နာရီကနေ သြဂုတ် ၇ ရက် မနက် ၁ နာရီအထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တာဝေးပစ် လက်နက်ကြီးတွေနဲ့ အချက်ရေ ၁၄၀ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ ကန်နီကျေးရွာကို သြဂုတ် ၇ ရက် မနက် ၅ နာရီလောက်မှာလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့လို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ RPG တွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ကာ လင့်စင်နားက ဘန်ကာတွေကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတယောက်နဲ့ ပျူစောထီး ၂ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ပခုက္ကူ-ကမ္မ-မင်းတပ် လမ်းပိုင်းမှာလည်း စစ်ကောင်စီယာဥ်တန်း ဖြတ်မှာဖြစ်လို့ မိုင်းရှင်းလင်းရေး လာစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို သြဂုတ် ၇ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၄ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ပျူစောထီး ၅ ယောက် ပွဲချင်းပြီး သေဆုံးကာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိလို့ လူမှုကူညီရေးကားနဲ့ ပခုက္ကူဆေးရုံကြီးကို သယ်သွားကြတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေနေထိုင်တဲ့ သရက်ကွကျေးရွာက ပျူစောထီးတွေ သြဂုတ် ၂ ရက်ကနေ ၄ ရက်နေ့အထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013