DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံဆည်ဆောက်လုပ်မှု ကချင်ပြည်သူများ ကန့်ကွက်ဆန္ဒပြ 
ဟန်န
·
July 21, 2026
Photo: ဖားကန့်မှော်လှည့်သပိတ်
Photo: ဖားကန့်မှော်လှည့်သပိတ်
Donate to DVB

စစ်အာဏာရှင်က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အပေါ် ကန့်ကွက်တဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ဥပဒေထုတ်ပြီး ခြိမ်းခြောက်ထားပေမဲ့ ကချင်ပြည်သူတွေကတော့ မြစ်ဆုံဆည် အလိုမရှိကြောင်း ဆန္ဒပြမှုတွေကို ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဆက်လက် ပြုလုပ်နေပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖားကန့်မှော်လှည့်သပိတ်အဖွဲ့နဲ့ ဒေသခံပြည်သူတွေက ဇူလိုင် ၁၉ ရက်နေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့အတူ မြစ်ဆုံစီမံကိန်း ဆန့်ကျင်ကန့်ကွက်ရေး လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးပမ်းနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး၊ “မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်”၊ “No Myitsone Dam”၊ “The Irrawaddy Is Not for China” အပါအဝင် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးနဲ့ ဧရာဝတီမြစ်ကို ကာကွယ်ရေးဆိုင်ရာ စာတန်းတွေ ကိုင်ဆောင်ကာ လူထုလှုပ်ရှားမှုကို ဆင်နွှဲခဲ့ကြပါတယ်။

ဖားကန့်မှော်လှည့်သပိတ်အဖွဲ့ဝင်တယောက်က “တရုတ်ကွန်မြူနစ်ပါတီအစိုးရနဲ့ အကြမ်းဖက် အာဏာရူး သမ္မတအတု စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်တို့ ပူးပေါင်းလုပ်ဆောင်ပြီး ပြန်လည်စတင်မဲ့ မြစ်ဆုံဆည်စီမံကိန်းကို ချက်ချင်းရပ်တန့်ပါလို့ ကျနော်တို့ တောင်းဆိုပါတယ်။ မြစ်ဆုံဆိုတာ ကချင်လူမျိုးတွေအတွက် အစားထိုးမရတဲ့ တန်ဖိုးဖြတ်မရတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒေသတခုဖြစ်တယ်။ ကချင်လူမျိုးတွေအတွက်သာမက မြန်မာတနိုင်ငံလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒေသတခု ဖြစ်တယ်။ ဒီဒေသမှာ ဆည်ဆောက်တာကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရ အနေနဲ့လည်း မြန်မာတနိုင်ငံလုံးက ပြည်သူတွေ ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်တာကို ချက်ချင်းရပ်တန့်ပါ။ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားပါလို့ မေတ္တာရပ်ခံတယ်။ ပြီးရင် စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ စီမံကိန်းတွေ လုပ်နေတာကိုလည်း ချက်ချင်းရပ်တန့်ပါလို့ တရုတ်ကွန်မြူနစ်အစိုးရကို ကျနော်တို့တောင်းဆိုတယ်”လို့ ပြောပါတယ်။

စစ်အာဏာရှင်က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အပေါ် ကန့်ကွက်တဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ဥပဒေထုတ်ပြီး ခြိမ်းခြောက်ထားတာကြောင့် ဒေသခံတွေဟာ ဒီစီမံကိန်းကို လွတ်လပ်စွာ ကန့်ကွက်နိုင်ဖိုအတွက်လည်း လုံခြုံရေးစိုးရိမ်မှုတွေ ကြုံနေရပါတယ်။

ဒါပေမဲ့ ကချင်ပြည်သူတွေက ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ မြစ်ဆုံဆည် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေကို ရတဲ့နည်းလမ်းနဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်အာဏာရှင်ခန့် ကချင်ပြည်နယ်အစိုးရအဖွဲနဲ့ မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေးအဖွဲဝင်တွေက မြစ်ဆုံစီမံကိန်းပေါ် လူထုတွေရဲ့ သဘောတူညီမှုကို အတင်းအဓမ္မရယူတဲ့ လှုပ်ရှားမှုတွေ၊ စည်းရုံးရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်နေ ပါတယ်။

ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ဆောက်လုပ်ဖို့ ၁၀ နှစ်လောက် ကြာမြင့်နိုင်ပေမဲ့ ၈ နှစ်အတွင်း အပြီးဆောက်လုပ်သွားဖို့ တရုတ်အစိုးရနဲ့ သဘောတူညီမှု ရရှိထားပြီလို့ စစ်အာဏာရှင်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

ဦးခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ ‘ထောက်ပံ့ ပေးအပ်ပွဲ’ခေါင်းစဉ်နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ဆောင်နိုင်ဖို့ စည်းရုံးနေတယ်လို့ သိရပါတယ်။

ကချင်လူငယ်တယောက်က “မြစ်ကြီးနားမှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ တပည့် ခက်ထိန်နန် အဖွဲ့တွေက ပြည်သူတွေကို အကျပ်ကိုင်ပြီးတော့ မြစ်ဆုံဆည်စတင်မဲ့ အခမ်းအနားတွေ စည်းရုံးရေးတွေ လုပ်နေတာကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ခက်ထိန်နန်နဲ့ ဆည်ဖော်ဆောင်ဖို့ စည်းရုံးရေးဆင်းနေတဲ့ ကချင်လူမျိုးတွေအနေနဲ့လည်း သမိုင်းတရားခံ မဖြစ်ပါစေနဲ့။ မြစ်ဆုံဆည် စတင်ဖို့ လုပ်နေတာကို ချက်ချင်းရပ်တန့်ပါလို့ ပြောချင်တယ်။ ဧရာဝတီမြစ် ထာဝရ စီးဆင်းပါစေ” လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မလိခနဲ့ မေခမြစ်ဆုံရာဒေသမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ တရုတ် ကျောထောက်နောက်ခံပြု ရေအားလျှပ်စစ်စီမံကိန်း တခု ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ပြည်သူလူထု ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်က ဦးဆောင်ပြီး စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲတွေနဲ့ ရှင်းလင်းပွဲတွေ ဆက်တိုက် ပြုလုပ်နေပြီး ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့ကလည်း စီမံကိန်းကို အပြီးတိုင်ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့မေလအစောပိုင်းကပဲ ထုတ်ပြန်ချက် ထုတ်ကာ တောင်းဆိုခဲ့ပါသေးတယ်။

ဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တာ ဒေသခံရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်နိုင်တာနဲ့ ထုတ်လုပ်မဲ့ လျှပ်စစ်အများစုကို တရုတ်နိုင်ငံကို ပို့မယ်ဆိုတဲ့ အချက်တွေကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာ ယာယီရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013