DVB Logo
Home
မြန်မာသတင်း
ဆီထွက်သီးနှံကုန်ကြမ်း မြေပဲ‌ဆန်ဈေး ဆက်တိုက်မြင့်တက်
DVB
·
August 8, 2023
ဆီထွက်သီးနှံကုန်ကြမ်း မြေပဲ‌ဆန်ဈေး ဆက်တိုက်မြင့်တက်
Donate to DVB

နှစ်သောင်းတန်ငွေစက္ကူအသစ် ဂယက်ကြောင့် ဒေါ်လာဈေး၊ စားအုန်းဆီတွေနဲ့အပြိုင် ဆီထွက်သီးနှံ ကုန်ကြမ်းဖြစ်တဲ့ မြေပဲဆန်ဈေးနှုန်းတွေ တောက်လျှောက် မြင့်တက်လာတယ်လို့ ဆီလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ကုန်သည်တွေက ငွေစက္ကူအသစ်ဂယက်ရဲ့ ဈေးကွက်အပေါ် သက်ရောက်မှုကို စောင့်ကြည့်ပြီး ထိန်းရောင်းချနေမှုတွေကြောင့်လည်း ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“မြေပဲက နှစ်သောင်းတန်ထုတ်မယ်လို့ ကြေညာချက်ထွက်ပြီးနောက်ပိုင်း ဈေးက တောက်လျှောက်ထိုးတက်လာတာ။ အဖြူဆီဆန်က အရင် ၆,၅၀၀ ပတ်လည်ကနေ ၇,၀၀၀ အထက် ဖြစ်လာတယ်။ တက်ဈေးဆိုပေမဲ့ ဝယ်လိုအားက အရမ်းများတယ်။ ရောင်းသူက နည်းသွားတယ်။ ‌ပစ္စည်းကလည်း ရှားသွားတော့ လိုသ‌‌လောက်ဝယ်မရ ဖြစ်သွားတယ်။ ဝယ်သူများပြီး အရောင်းနည်းတော့ ဈေးကတက်လာတာပေါ့။”

လက်ရှိက ပဲအသစ် ပေါ်ခါနီးအချိန်ဖြစ်ပြီး ဈေးကွက်ထဲ လက်ကျန်ပဲ နည်းလာတဲ့အပြင် ဒေါ်လာဈေးနဲ့အတူ သွင်းကုန်ဖြစ်တဲ့ စားအုန်းဆီဈေးနှုန်းကလည်း မြင့်တက်လာတာကြောင့် မြေပဲဆီရောင်းအား ပိုကောင်းလာပြီး မြေပဲဆန်ဈေးနှုန်းတွေကို လိုက်ပါမြင့်တက်စေခဲ့တာ ဖြစ်တယ်လို့ ဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဆီလုပ်ငန်းရှင်တဦးက“အဓိက စားဆီက သွင်းကုန်ဆို‌တော့ ဒေါ်လာဈေးတက်တော့ ဈေးက လိုက်တက်လာတယ်။ စားဆီဈေးမြင့်တော့ ပဲဆန်ဈေးကျဖို့က မဖြစ်နိုင်သေးဘူး။ ပဲဆန်က ဆီစက်သမားတွေရော တပိုင်တနိုင် ဆီကြိတ်သမားတွေကအစ ဝယ်နေတော့ ဈေးကတက်လာတာ” လို့ ပြောပါတယ်။

ဒီကနေ့ မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှာ မြေပဲလုံးဆန် နီ ထိပ်စ တပိဿာကို ၉,၉၀၀ ကျပ်ထိ မြင့်တက်နေပြီး မြေပဲလုံးဆန် အသစ်က တပိဿာကို ၇,၄၀၀ ကနေ ၇,၆၀၀ ကျပ်၊ မြေပဲ S1 ဆီဆန် အဟောင်း တပိဿာကို ၆,၅၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိနေပြီး နှစ်ပတ်အတွင်း တပိဿာကို ၅၀၀ ကျပ်ကနေ ၈၀၀ ကျပ်အကြား ဈေးမြင့်လာတာ တွေ့ရပါတယ်။

အလားတူ စားအုန်းဆီဈေးကလည်း စစ်ကောင်စီရဲ့ ရည်ညွှန်းလက်ကားဈေးက ၄,၁၅၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက် အမှန်ပေါက်ဈေးက နေရာဒေသအပေါ် မူတည်ပြီး တပိဿာကို ၈,၄၀၀ ကျပ်ကနေ ၁၀,၀၀၀ အထက်မှာ ရှိ‌နေပါတယ်။

ပဲဆီဈေးကတော့ နေရာဒေသနဲ့ အရည်အသွေးအပေါ် မူတည်ပြီး တပိဿာကို ၁၄,၀၀၀ ကနေ ၁၆,၅၀၀ ကျပ်၊ နှမ်းဆီတပိဿာကို ၁၄,၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

ဒေါ်လာဈေးနှုန်းကတော့ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမယ်လို့ မကြေညာခင်က တဒေါ်လာကို ကျပ် ၃,၀၀၀ ဝန်းကျင်မှာပဲ ရှိခဲ့ပြီး ၂၀,၀၀၀ တန်ထုတ်တဲ့ ဇူလိုင် ၃၁ ရက်မှာ တဒေါ်လာကို ၃,၃၅၀-၃,၄၀၀ ကျပ်၊ ဒီကနေ့မှာတော့ ၃,၃၈၀-၃,၄၂၀ ရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013