DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းဆန်ဈေးနှုန်း ထပ်မံမြင့်တက်
DVB
·
August 8, 2023
မြန်မာပြည်တွင်းဆန်ဈေးနှုန်း ထပ်မံမြင့်တက်
Donate to DVB

မြန်မာပြည်တွင်း​ဆန်ဈေးကွက်မှာ ၂ ရက်အတွင်း ဆန်တအိတ်ကို ကျပ် ၆,၀၀၀ မှ ကျပ် ၁၅,၀၀၀ အထိ မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

ဝါးတန်းဆန်ကုန်စည်ဒိုင် စျေးနှုန်းအရ ဇူလိုင် ၄ ရက် အပိတ်စျေးမှာ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၅,၀၀၀၊ ကျားပျံတအိတ်ကို ၉၅,၀၀၀၊ ရိုးရိုးပေါ်ဆန်း တအိတ်ကို ၉၈,၀၀၀ မှ ၁၀၀,၀၀၀၊ ဆန်ကြမ်းတအိတ်ကို ၇၅,၀၀၀ သာ ရှိခဲ့ပါတယ်။

ဇူလိုင် ၇ ရက် ဝါးတန်းကုန်စည်ဒိုင် အဖွင့်စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်းတအိတ်ဟာ ကျပ် ၁၄၀,၀၀၀၊ ကျားပျံတအိတ် ကျပ် ၁၀၅,၀၀၀ မှ ၁၁၀,၀၀၀၊ ရိုးရိုးပေါ်ဆန်းတအိတ် ကျပ် ၁၁၀,၀၀၀ နဲ့ ဆန်ကြမ်းတအိတ် ကျပ် ၈၁,၀၀၀ အထိ မြင့်တက်လာပါတယ်။

လှိုင်သာယာမှ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက “ဆန်ဈေးက တောက်လျှောက် တအိအိနဲ့ တက်လာတာ။ တနေ့ကို ၂,၀၀၀ တက်လိုက် ၃,၀၀၀ တက်လိုက်ပေါ့၊ မတက်တဲ့နေ့ဆိုတာတော့ မရှိဘူး။ သောကြာနေ့ အပိတ်စျေးနဲ့ တနင်္လာနေ့ အဖွင့်စျေးကြားတောင် ၁၀,၀၀၀ ပတ်ဝန်းကျင် တက်သွားတာ။ ရွှေဘိုဆန်ဆို ၁ ပတ်ကျော်အတွင်း ၃၀,၀၀၀ လောက်တက်တာ။ အခုလက်ရှိ ဆန်စျေးတက်နေတာက အမြင့်ဆုံးထိ မရောက်သေးဘူး၊ ထပ်တက်ဦးမှာ။ လတ်တလော ပြန်ကျဖို့တော့ မမြင်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဆန်စပါးအသင်းချုပ်က ဆန်စျေးထိန်းချုပ်နိုင်အောင် အရန်ဆန်တွေကို ရောင်းချပေးနေပေမဲ့ ဆန်စျေး ကျဆင်းသွားခြင်းမရှိကြောင်း ဆန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ ဆန်ရောင်းဝယ်သူတဦးက “သူတို့ရောင်းပေးတဲ့ အိတ်အရေအတွက်ဟာ အရမ်းနည်းလို့ ဆန်စျေး ထိန်းနိုင်မှာမဟုတ်ဘူး။ သူတို့ကလည်း အများကြီး မရောင်းပေးနိုင်ဘူးလေ။ ပုံမှန်ဆို ၂၀,၀၀၀ တန် မထွက်ခင်က ဆန်စျေးက ပုံမှန်ဖြစ်သွားပြီး ငြိမ်​နေပြီ၊ ဆန်အသစ်တွေတောင် ၅၀,၀၀၀ ကျော်နဲ့ရ​နေပြီ။ သူတို့ထုတ်လိုက်တဲ့ ၂၀,၀၀၀ တန်ကိစ္စတွေကော ဘုရားကိစ္စတွေကြောင့်ပါ စျေးက တက်သွားတာ။ ဝါးတန်းကထုတ်တဲ့စျေးနဲ့ အများစုက အရောင်းအဝယ်လုပ်နေတာ။ သူတို့ဆီကလည်း တောက်လျှောက်တက်နေတော့ ဆန်စျေးက ပိုတက်လာတယ်” လို့ ပြောပါတယ်။

ဆန်စျေးတက်တာကြောင့် ပြည်သူတွေအတွက် ခက်ခဲမှုတွေရှိနေပြီး ဆန်ကောင်းတွေ မစားသုံးနိုင်ကြတော့ဘဲ ဆန်ကွဲ စားသုံးတဲ့သူတွေ များပြားလာတယ်လို့ ဆန်ရောင်းဝယ်တဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီက ဇူလိုင် ၂၃ ရက်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ရိုက်ထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်း မြန်မာငွေတန်ဖိုး ကျဆင်းသွားပြီး ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

တဖက်မှာလည်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် လူငယ်တွေဟာ ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ထွက်ဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။

မြန်မာပြည်တွင်း ဆန်ဈေးနှုန်းတွေဟာ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်တာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ စပါးအထွက်နှုန်းအပေါ်မှာ စိုးရိမ်ပြီး ဝယ်ယူသိုလှောင်တာတွေကြောင့် စျေးကွက်အတွင်း စံချိန်တင် မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013