Home
မြန်မာသတင်း
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ သမိုင်းအမွေနဲ့ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ 
DVB
·
August 8, 2023

ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၅ နှစ် ပြည့်မြောက်ခဲ့ပေမယ့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲကိုတော့ ခုချိန်ထိ ဆက်လက်ဆင်နွှဲနေရဆဲပါ။ နောက်ဆုံးတိုက်ပွဲလို့ မှတ်ယူထားကြတဲ့ ဒီနွေဦးတော်လှန်ရေးမှာ ခေတ်အဆက်ဆက် မပြီးပြတ်ခဲ့တဲ့ ရည်မှန်းချက်တွေအားလုံး မလွဲမသွေ ရရှိလိမ့်မယ်လို့ ၈၈ မျိုးဆက်တွေက ယုံကြည်ထားကြပါတယ်။ 

စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံး ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အခုဆိုရင် ၃၅ နှစ်ပြည့် မြောက်ခဲ့ပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တကျော့ပြန်အာဏာသိမ်းမှုနဲ့အတူ စစ်အာဏာရှင်လက်အောက်က ရုန်းထွက်နိုင်ဖို့အတွက် လူထုတရပ်လုံးက တော်လှန် တိုက်ပွဲဝင်နေရဆဲပါ။ 

ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာစသိမ်းခဲ့ချိန်ကစလို့ အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ ဆက်တိုက်ရှိခဲ့တာဖြစ်ပြီး အဆက်ဆက်တိုက်ပွဲတွေမှာ မရှိခဲ့တဲ့ တစ်နိုင်ငံလုံးပါဝင်တဲ့ ဆန့်ကျင်မှုကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ စခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရှစ်လေးလုံးအရေးတော်ပုံကို သမိုင်းမှာ အရေးကြီးတဲ့အချိုးအကွေ့လို့လည်း သတ်မှတ်ထားကြပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် “၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိတိကျကျပြောရရင် ဒီမိုကရေစီအစိုးရ၊ ပြည်သူတွေ အာဏာပိုင်တဲ့စနစ်ကနေ လုပြီး ဓားပြတိုက်ပြီးတော့ ဆဲဗင်း ဇူလိုင်ကနေ စခဲ့တာ။ အဲဒီတုန်းကတော့ ကျောင်းသားတွေ လှုပ်ရှားမှုဖြစ်တယ်။ ၇၄ ဆိုရင် ဦးသန့်ဈာပနကနေ ဖြစ်လာတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ ၇၅ မှာ အလုပ်သမားသပိတ်တွေ၊ ကျောင်းသားသပိတ်တိုက်ပွဲတွေ ရှိတယ်။ ၇၆ မှာဆိုလည်း မှိုင်းရာပြည့် စသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီမှာ ပြည်သူတရပ်လုံး အုံကြွတဲ့အဆင့်အထိ မရောက်လာခဲ့ဘူး။ အဲဒီခေတ်က ကျောင်းသားတွေ၊ လူငယ်တွေ၊ အလုပ်သမားတွေ လူထုလူတန်းစားတွေက ပေးဆပ်ခဲ့ကြတယ်။ တိုက်ပွဲဝင်ခဲ့ကြတယ်။ အသက်တွေ စွန့်ခဲ့ကြတယ်။ ဒါပေမဲ့ မပြီးဘူး။ ဒါတွေအားလုံးက အဲဒီတိုက်ပွဲတွေက နေဝင်သွားတာ မဟုတ်ဘူး။ ပြည်သူ့အရေးတော်ပုံတွေက လက်ဆင့်ကမ်းလာတာ။ လက်ဆင့်ကမ်းပြီးတော့ ၈၈ ကို ရောက်လာတာ။ ၈၈ ကျတော့ အားလုံးသိတဲ့အတိုင်း တိုင်းပြည်လည်း ဒေဝါလီခံသွားတယ်။ ကမ္ဘာ့အလယ်မှာ အဆင်းရဲ အမွဲတေဆုံး နိုင်ငံအဖြစ် ကြေညာရတယ်။ အကြွေးတွေလည်း မဆပ်နိုင်တော့ဘူး။ နောက်တခုက ဘက်ပေါင်းစုံက နိမ့်ကျသွားတယ်။ ပြည်ထောင်စုတခုလုံး မျက်နှာငယ်ရတဲ့အဆင့် ကျသွားတယ်။ စစ်အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲအကျိုးရလဒ်ပဲ။ ပြည်သူလူထုက တွန်းလှန်ကြတော့ သူက တပါတီအရေခွံ ခြုံထားတော့ အဲဒီတပါတီကို စွန့်ပြီးတော့ ပါတီစုံဒီမိုကရေစီကို ပေးပါ့မယ်၊ ကူးပြောင်းပါ့မယ်ဆိုတဲ့ ကတိကို ရခဲ့တယ်။ တကယ်တမ်းကျတော့ စစ်တပ်ကပဲ ပြန်အာဏာသိမ်းပြီး အားလုံး သိတဲ့အတိုင်း နှစ်ပေါင်းများစွာ ဒုက္ခပေးလာတာပဲ။”

ရှစ်လေးလုံး အရေးတော်ပုံကြီးကနေ ဗိုလ်နေဝင်း ဦးဆောင်တဲ့ မဆလ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပေမယ့် စစ်အာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့တာဝန်ကတော့ မပြီးပြတ်ခဲ့ပါဘူး။

အဲဒီနောက် စစ်အာဏာရှင် ဆန့်ကျင်မှုတွေ အဆက်ဆက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်က တကျော့ပြန်အာဏာသိမ်းပြီးချိန်မှာတော့ ခေတ်အဆက်ဆက် ရှိခဲ့တဲ့ ဆန့်ကျင်မှုတွေထက်ပိုတဲ့ ဆန့်ကျင်မှုတွေနဲ့အတူ တပြည်လုံးအတိုင်းအတာနဲ့ လက်နက်စွဲကိုင် တော်လှန်နေကြတာပါ။ ဒီတော်လှန်ရေးကို အဆုံးသတ်တိုက်ပွဲလို့လည်း မှတ်ယူထားကြပါတယ်။ 

ကိုမင်းကိုနိုင်က “တကယ့်တိုက်နေရတဲ့ မြေပြင်တိုက်ပွဲတွေ၊ ဘဏ္ဍာရေးတိုက်ပွဲတွေ၊ သံတမန်ရေးတိုက်ပွဲတွေ၊ စိတ်ဓာတ်ရေးရာတိုက်ပွဲတွေမှာ ရရာနည်းနဲ့ ပြည်သူတွေက လုပ်အားတွေ၊ ဉာဏ်ပညာတွေ၊ ငွေကြေးအရင်းအနှီးတွေ အားလုံးကို စွန့်ပြီးတော့ တိုက်ပွဲဝင်နေကြတယ်။ ကျနော်တို့က ခေတ်အဆက်ဆက်က သယ်ဆောင်လာတဲ့ ရှစ်လေးလုံးရဲ့ စိတ်ဓာတ်၊ ရှစ်လေးလုံးရဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်၊ ငြိမ်နေရင် ပင့်ကူအိမ်တောင် ငြိလိမ့်မယ်၊ ရုန်းထွက်ရင် သံကြိုးတွေတောင် ပြတ်နိုင်တယ်ဆိုတဲ့ ကြွေးကြော်မှုမျိုးနဲ့ ပြည်သူလူထုက ဒီကနေ့အထိ တိုက်ပွဲဝင်နေတုန်းပဲ။ ဒီတခါတော့ ခေတ်အဆက်ဆက်က ပေးဆပ်ခဲ့ကြတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းရှင်လူ၊ တိုင်းရင်းသားတွေအားလုံးရဲ့ ပေးဆပ်မှုဟာ ဖက်ဒရယ်ဒီမိုကရေစီအသစ်ကို တည်ထောင်ဖို့ဆိုတဲ့ ပန်းတိုင်ကို ပန်းဝင်တော့မှာ ဖြစ်တယ်။ ကျနော်တို့ ပြည်သူလူထုရဲ့ မြင့်မြတ်တဲ့ လှုပ်ရှားမှုတွေဟာ နေဝင်ခဲ့တာ မဟုတ်ဘူး။ ပန်းဝင်တော့မှာ ဖြစ်တယ်လို့ ယုံယုံ ရဲရဲ ပြောပါတယ်”လို့ပြောပါတယ်။

တိုင်းပြည်ကို ၂၆ နှစ်ကျော် အုပ်ချုပ်ခဲ့တဲ့ တော်လှန်ရေးကောင်စီ တပါတီ မဆလ စစ်အာဏာရှင် စနစ်ဆိုးကြီးကို လူထုအားနဲ့ အလဲထိုး ဖြုတ်ချနိုင်ခဲ့တာ ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်တဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ပြည်သူတွေကြားထဲမှာ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်း ဆိုပြီး သိရှိသဘောပေါက်လာကြသလို တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးတွေကို အရင်ထက်ပိုပြီး မျက်စိ၊ နားတွေ ပွင့်လာကြတယ်လို့  နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့  ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

“ရှစ်လေးလုံး အ‌ရေးတော်ပုံကြီးရဲ့ ကျေးဇူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးက နိုင်ငံရဲ့ အထင်ကရ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူတွေ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဆိုတာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ သမိုင်းအမွေ လက်ဆင့်ကမ်းတာဝန် ဆက်လက်ထမ်းပိုးသယ်ရွယ်နေတာလို့ မြင်ပါတယ်။ နွေဦးတော်လှန်ရေးကနေ ဘာကို ရည်မျှော်သလဲ။ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ စစ်မှန်တဲ့ အမျိုးသားရေးတန်းတူရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာတွေ အပါအဝင် ရှေ့က မပြီးဆုံးသေးတဲ့ တော်လှန်ရေးအဆက်ဆက်ကို နွေဦးတော်လှန်ရေးကနေ အဆုံးသတ်မယ်ဆိုတဲ့ အဆုံးအဖြတ်တိုက်ပွဲအဖြစ် ကျနော်တို့လူထုက မျှော်ရည်ပြီး ရုန်းကန်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ လက်ဆင့်ကမ်းသမိုင်းအမွေတွေကို နွေဦးတော်လှန်ရေးကနေ အမိအရ အဆုံးသတ်တိုက်ပွဲအဖြစ် ဖော်ဆောင်ကြပါစို့လို့ လူထုကို တိုက်တွန်းနှိုးဆော်ချင်ပါတယ်။”

အခု နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် ဆင်နွှဲခဲ့တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တိုက်ပွဲတွေရဲ့ အဆက်ဖြစ်သလို ထပ်တိုးရည်မှန်းချက်တွေနဲ့အတူ အရင်ထက်ပိုတဲ့စည်းလုံးမှုမျိုးနဲ့ တိုက်ပွဲဝင်နေတာကြောင့် ဒီတိုက်ပွဲဟာ ပန်းတိုင်ကို မလွဲမသွေရလိမ့်မယ်လို့ ၈၈ မျိုးဆက်တစ်ဦးဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး မနှင်းနှင်းမွှေးက ပြောပါတယ်။ 

“ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုတွေ ပါဝင်ခဲ့ကြတယ်။ ကျမတို့လိုချင်တဲ့ အန္တိမပန်းတိုင်ကိုတော့ အရောက်မလှမ်းနိုင်ခဲ့ပါဘူး။ ရှေ့က တိုက်ပွဲအဆက်ဆက်တွေရဲ့ နောက်ဆုံးတိုက်ပွဲအနေနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ရှေ့က ဆင်နွှဲခဲ့ကြတဲ့ စစ်အာဏာရှင်စနစ် အမြတ်ဖြတ် ချေမှုန်းရေးဆိုတဲ့ တိုက်ပွဲတွေရဲ့ အဆက် ဖြစ်ပါတယ်။ ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်‌ရေးဆိုတဲ့ ရည်မှန်းချက်တွေပါ ထပ်တိုးပြီး ကျမတို့ အတူတကွ လက်တွဲပြီးသွားနေကြပါတယ်။ ရှေ့ကာလမှာ ရရှိခဲ့တဲ့ စုစည်းညီညွတ်မှုတွေထက် အခုကာလမှာ ပိုပြီးအင်အားကောင်းတဲ့ စုစည်းညီညွတ်မှုတွေ ရရှိနေပြီလို့ ယူဆရတယ်။ လူထုက လက်နက်ကိုင် ခုခံတော်လှန်စစ်အထိ ဆင်နွှဲနေကြပြီ။ ရှေ့မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးကနေ သင်ခန်းစာတွေ ရယူပြီး ဒီတော်လှန်ရေးမှာ ကျမတို့ရဲ့ အန္တိမပန်းတိုင်ကို အရောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ယူဆပါတယ်။”

ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ထောင်နဲ့ချီပြီး သေဆုံးခဲ့ရသလို ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း ပြည်သူထောင်နဲ့ချီပြီး အသက်ပေးထားရပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဘက်ကလည်း အထိနာနေပြီး အုပ်ချုပ်မှုယန္တရားတွေလည်း တစထက်တစ ယိုယွင်းလာနေကာ တနိုင်ငံလုံးကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024