DVB Logo
Home
မြန်မာသတင်း
သေဒဏ်ကျ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို တသက်တကျွန်းပြောင်းလဲ
DVB
·
August 8, 2023
သေဒဏ်ကျ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို တသက်တကျွန်းပြောင်းလဲ
Donate to DVB

သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို  စစ်ကောင်စီက တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်ခဲ့တယ်လို့  ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။

၂၀၂၂ ဧပြီလက တောင်ဒဂုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ်ခွဲ မန်နေဂျာ ဒုဗိုလ်မှူးဟောင်း စောမိုးဝင်း အသတ်ခံရတဲ့အမှုနဲ့ ဂုံကျောင်းသား ၇ ယောက်ကို စွဲချက်တင်ပြီး နို၀င်ဘာလ ၃၀ ရက်နေ့မှာ အင်းစိန်ထောင်အတွင်းစစ်ခုံရုံးကနေ သေဒဏ်ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုခန့်လင်းမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးတို ၇ ယောက်စလုံး ဩဂုတ်လ ၁ ရက်က လွတ်ငြိမ်း သက်သာခွင့်မှာ တသက်တကျွန်းကို ပြောင်းလဲ ချမှတ်ခံရတာဖြစ်ပြီး အင်းစိန်မှာကျန်ရှိနေတဲ့ကျောင်းသား သုံးယောက်ကို‌တော့ အဆောင်ပြောင်းရွေ့တာတွေ လုပ်နေတယ်လို့ သမဂ္ဂရဲ့ တွဲဖက်တာဝန်ခံက ပြောပါတယ်

"သေဒဏ်ကျကျောင်းသား ၇ ဦးကို ထောင်ဒဏ် တသက် ပြောင်းတယ်ဆိုတာကို ကျနော်တို့ မိသားစုဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရတာပါ။ ဒီလို ပြစ်ဒဏ်ပြောင်းလဲလိုက်တာကို ၅ ရက်နေ့ကမှ သိရပါတယ်။ ၇ ယောက်လုံး ထောင်တသက် ပြောင်းသွားတဲ့အတွက် အရင်ဆုံး အင်းစိန်ထောင်မှာ ကျန်ခဲ့တဲ့ ကိုဟိန်းထက်၊ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်တို့ကတော့ အဆောင်တွေ ပြောင်းရွှေ့ရတယ်လို့လည်း ကျနော်တို့ကြား သိရပါတယ်။”

သေဒဏ်ကျ ကျောင်းသား ၇ ယောက်ကို ကြိုးမိန့်ပေးမယ့် ကောလာဟလတွေထွက်ပေါ်ခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်တုန်းကတော့ ကျောင်းသားတစ်ဦးရဲ့ ဖခင်ဖြစ်သူက သေဒဏ်တစ်ကျွန်းကနေ သေဒဏ်ကို လျှော့ပေါ့ပြောင်းပေးဖို့ အသနားခံစာတင်ထားတယ်လို့ ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

“ကိုယ့်သားသမီး သေဒဏ်ချမှတ်ခံရတာတော့ ခံစားရတာပေါ့ဗျာ။ ကျနော်တို့မိဘတွေ အနေနဲ့ကတော့ သေဒဏ်ကလွဲပြီး ဘယ်လိုအပြစ်ဒဏ်မျိုး ဘာပဲကျကျဆိုပြီး ကျနော်တို့ကတော့ အသနားခံတင်ပြီး တောင်းဆိုထားတာပါပဲ။ တသက်တကျွန်းဆိုလည်း ဖြေသိမ့်လို့ ရတယ်။ ရှေ့ကိုလည်း ကျနော်တို့ မျှော်ကိုးစရာလေးတွေ ရှိသေးတာကိုး” လို့ ပြောပါတယ်။

ပြစ်ဒဏ်လျှော့ပေါ့ပေမဲ့ ထောင်တွင်းမှာ ထောင်ပြောင်းတာတွေ၊ အခန်းပြောင်းတာတွေ ကြားသိနေရတဲ့အတွက် စိတ်ပူပန်မှုတွေ ရှိနေတယ်လို့လည်းမိသားစုဝင်တွေက ပြောပါတယ်၊

ဒဂုံကျောင်းသားသမဂ္ဂအနေနဲ့ကတော့ အခုလို စစ်ကောင်စီရဲ့ ပြစ်ဒဏ်လျှော့ပေါ့တာဟာ ကျောင်းသားတွေအနေနဲ့ လိုချင်တဲ့အရာမဟုတ်ကြောင်းနဲ့  အလုံးစုံလွတ်မြောက်ရေးကိုသာ လိုလားတယ်လို့ ဆိုပါတယ်။

သမဂ္ဂရဲ့ တွဲဖက်တာဝန်ခံက “ကျနော်တို့ ကျောင်းသား၊လူငယ်တွေနဲ့ ပြည်သူတွေဟာ ဒီနေရာမှာရှိနေရမယ့်သူတွေ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းသား၊ လူငယ်တွေနဲ့ အဖမ်းဆီးခံ ပြည်သူလူထုတွေဟာ မတရားဖမ်းဆီးခံခဲ့ရပြီး မတရားတဲ့ဥပဒေတွေနဲ့ မတရားတဲ့ ပြစ်ဒဏ်ကိုကျခံခဲ့ရတာပါ။ ပျားရည်နဲ့ဝမ်းချတဲ့ ဒီလိုအခြေအနေမျိုးက ကျနော်တို့ လိုချင်တဲ့ အရာဟုတ်မနေဘူး။ ကျနော်တို့အတွက် အလုံးစုံလွတ်မြောက်ရေးကိုသာလျှင် ပိုမိုလိုအပ်တယ်။ ကျနော်တို့ အနေနဲ့ကတော့ လုပ်စရာရှိတာကို ဆက်ပြီးလုပ်ဆောင်နေရမှာပါပဲ”လို့ ပြော ပါတယ်။

ပြစ်ဒဏ်လျှော့ပေးတဲ့အကြောင်းကို စစ်ကောင်စီရဲ့ အကျဥ်းထောင်ဦးစီးဌာနက တရားဝင်အကြောင်း ကြားလာတာမျိုး မဟုတ်ဘဲမိသားစုဝင်တွေအနေနဲ့ စုံစမ်းမှသာ သိရှိခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သာယာဝတီအကျဉ်းထောင်မှာ ရှိနေတဲ့ ကိုခန့်ဇင်ဝင်း၊ ကိုခန့်လင်းမောင်မောင်၊ ကိုဇော်လင်းနိုင်နဲ့ ကိုသက်ပိုင်ဦးတို့ရဲ့ ပြစ်ဒဏ်ပြောင်းလဲတာက လွဲပြီး လက်ရှိအခြေအနေ၊ ဘာသတင်းမှမကြားသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013