မာလီနဲ့ ဘာကီနာဖာဆို နိုင်ငံတွေရဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေဟာ နိုင်ဂျာအာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ သြဂုတ် ၇ ရက်မှာ နိုင်ဂျာနိုင်ငံဆီ ရောက်ရှိလာပါတယ်။
ဖြုတ်ချခံရတဲ့ နိုင်ဂျာသမ္မတကို ပြန်လည်ခန့်အပ်ရေး အနောက်အာဖရိက ခေါင်းဆောင်တွေရဲ့ ရာဇသံကို နိုင်ဂျာစစ်အစိုးရက ပယ်ချခဲ့တဲ့အပေါ် ဆွေးနွေးဖို့ ဩဂုတ် ၁၀ ရက်မှာ ထိပ်သီးအစည်းအဝေးတခုလုပ်ဖို့ စီစဉ်ထားပါတယ်။
ဇူလိုင် ၂၆ ရက် အာဏာသိမ်းမှုရဲ့ ခေါင်းဆောင်တွေ သြဂုတ် ၆ ရက်မှာ နုတ်ထွက်ဖို့၊ မဟုတ်ရင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို ရင်ဆိုင်ဖို့ အနောက်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) က ပြောခဲ့ပေမဲ့ စစ်အစိုးရက နိုင်ဂျာလေပိုင်နက်ကို ပိတ်ပြီး တိုင်းပြည်ကို ကာကွယ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ သမ္မတ မိုဟမ်မဒ် ဘာဇွန်းမ်ကို ပြန်လွှတ်ပြီး သမ္မတနေရာမှာ ပြန်ခန့်ထားတာ မလုပ်ရင် စစ်ရေးအရ အရေးယူဖို့ ECOWAS အဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေးဦးစီးချုပ်တွေ သောကြာနေ့မှာ သဘောတူခဲ့ကြပါတယ်။
စစ်ဆင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို နိုင်ငံအကြီးအကဲတွေက ဆုံးဖြတ်မယ်လို့လည်း သူတို့က ပြောခဲ့ပါတယ်။
ဒါပေမဲ့ လိုအပ်ရင် နိုင်ဂျာနိုင်ငံကို ကာကွယ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆို နှစ်နိုင်ငံလုံးက အာဏာရစစ်အစိုးရတွေကို ကတိကဝတ်တွေပေးထားလို့ ECOWAS အစုအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခဲ့ပါတယ်။
စည်းလုံးညီညွတ်မှုကို ပြသဖို့ နှစ်နိုင်ငံစလုံးက နိုင်ဂျာအစိုးရဆီကို ကိုယ်စားလှယ်အဖွဲ့တွေ လွှတ်ခဲ့တယ်လို့ မာလီစစ်တပ်က တနင်္လာနေ့မှာ လူမှုမီဒီယာကနေ ပြောခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မာလီကိုယ်စားလှယ်အဖွဲ့က ကိုယ်စားလှယ်တဦးက မာလီနိုင်ငံဟာ နိုင်ဂျာစစ်အစိုးရကို ထောက်ခံတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအပြီး နိုင်ဂျာအစိုးရအတွက် ရပ်တန့်ထားတဲ့ အမေရိကန် အကူအညီပေးရေး အစီအစဉ်တွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သယူး မေလာက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။
ရပ်ထားတဲ့ အစီအစဉ်တွေထဲမှာ ဖွံ့ဖြိုးရေးအကူအညီ၊ လုံခြုံရေးအကူအညီနဲ့ ဥပဒေစိုးမိုးရေး အကူအညီတွေ ပါပါတယ်။
တကယ်လို့ နိုင်ဂျာနိုင်ငံရဲ့ စစ်အစိုးရက ရွေးကောက်ခံအစိုးရကို ပြန်နေရာမပေးရင် အမေရိကန်ရဲ့ ရပ်ထားမယ့် အကူအညီတွေ စုစုပေါင်း ဒေါ်လာသန်းရာနဲ့ချီတယ်လို့ မေလာက သတင်းစာရှင်းလင်းပွဲတရပ်မှာ ပြောခဲ့ပါတယ်။
Source - Reuters











