DVB Logo
Home
မြန်မာသတင်း
ဆန်စပါးအသင်းချုပ်က ရန်ကုန်လက်လီဆန်အရောင်းဆိုင်များတွင် အရန်ဆန် ဖြန့်ဝေရောင်းချမည်
DVB
·
August 8, 2023
ဆန်စပါးအသင်းချုပ်က ရန်ကုန်လက်လီဆန်အရောင်းဆိုင်များတွင် အရန်ဆန် ဖြန့်ဝေရောင်းချမည်
Donate to DVB

ဆန်စျေးနှုန်း ထိန်းညှိဖို့ ရန်ကုန်မြို့က လက်လီ ဆန်အရောင်းဆိုင်တွေကိုလည်း အရန်ဆန်တွေ ဖြန့်ဝေ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထပ်မံ ထုတ်ပြန်လာပါတယ်။ 

အသင်းချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ တဆိုင်ကို ဧည့်မထဆန် အိတ်အကြီး ၅၀ အိတ်နှုန်းနဲ့ နှစ်ပတ်ကို တကြိမ်  ဖြန့်ဝေရောင်းချသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

အဲဒီအစီအစဉ်အရ ဖြန့်ဝေရောင်းချရာမှာ အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်စာရင်းသွင်း ဆောင်ရွက်ပြီး  ဒစ်ဂျစ်တယ် ငွေပေးချေမှုပုံစံနဲ့ Delivery အရောက်ပို့စနစ်ကိုပါ စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်‌ေတဦးက “စျေးသက်သက်သာသာနဲ့ လက်လီဆိုင်တွေကနေ ရောင်းပေးမယ်ဆိုရင်တော့ သာမန်ပြည်သူတွေအတွက် ပိုအဆင်ပြေတာပေါ့။ ကုန်စည်ဒိုင်တွေကနေ အိတ်လိုကရောင်းတဲ့ ပုံစံကျတော့ သာမန်လူတွေ လက်ထဲရောက်ဖို့ မလွယ်ဘူးလေ။  တက်နိုင်တဲ့သူတွေ လက်ထဲပဲ ရောက်သွားမှာ” လို့  ပြောပါတယ်။

ဒါ့အပြင် ဆန်စပါးအသင်းချုပ်အနေနဲ့ ရန်ကုန်မြို့ပြင်မြို့နယ်တွေ ဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊  တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒလ၊ တွံတေး၊ မှော်ဘီ၊ မင်္ဂလာဒုံ စတဲ့  မြို့နယ်တွေမှာလည်း နေရာသတ်မှတ်ပြီး အရောင်းဆိုင်ဖွင့်လှစ်တာ၊ ကားနဲ့ လှည့်လည်ရောင်းချတာတွေကို ပြုလုပ်ဖို့ စီစဉ်နေပြီး မကြာမီ စတင်သွားမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း စျေးကွက်ပေါက်စျေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ ပေါ်ဆန်း၊ ဧည့်မထ ဆန်မျိုးစုံကို လမ်းမတော်-ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နဲ့  ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် ၂ နေရာတို့မှာ သြဂုတ် ၇ ရက်နေ့ကစပြီး ရောင်းချပေးနေပြီး ဆက်လက် ရောင်းချပေးသွားမယ်လို့လည်း အသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

အဲဒီအစီအစဉ်အရ ဆန်ဝယ်ယူလိုသူတွေအနေနဲ့ကတော့ မှတ်ပုံတင်ပြပြီး ပေါ်ဆန်းအမျိုးအစား ဆန် ၁ အိတ်နဲ့ ဧည့်မထ အမျိုးအစား ဆန် ၁ အိတ် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ 

ဆန်စပါးအသင်းချုပ်အနေနဲ့ ဆန်စျေးထိန်းညှိဖို့ စျေးကွက်အတွင်းထဲ အရန်ဆန်တွေ ထုတ်ရောင်းချပေးရာမှာ ဧည့်မထအိတ်ရေ ၅၀,၀၀၀ အပြင် ထပ်မံပြီး ဧည့်မထနဲ့ ရက် ၉၀ ဆန်အိတ်ရေ ၁၀၀,၀၀၀၊ ပေါ်ဆန်းမျိုးစုံ အိတ်ရေ ၂၀,ဝဝဝ၊ စုစုပေါင်း ဆန်အိတ်ရေ ၁၇၀,၀၀၀ ကို ဩဂုတ်လအတွင်း ရောင်းချပေးသွားမှာဖြစ်ပြီး  လိုအပ်ပါက  ထပ်မံ ထုတ်ရောင်းချပေးသွားမယ်လို့လည်း  အသိပေးထုတ်ပြန်ထားပါတယ်။

တရှန်ထိုးတက်နေတဲ့ ပြည်တွင်းဆန်စျေးတွေကိုထိန်းဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အခုလို အရန်ဆန်တွေ ထုတ်ရောင်းတဲ့ အစီအစဉ်ကို ဆောင်ရွက်လာပေမယ့် ဆန်စျေးတွေကတော့ ဆက်လက်ပြီး တရိပ်ရိပ် မြင့်တက်နေဆဲပါ။

ကုန်စည်ဒိုင်စျေးကွက်မှာ  ဆန်ကြမ်းနဲ့ ဆန်ချောစျေးနှုန်းတွေက ဆယ်ရက်အတွင်း တအိတ်ကို  ကျပ် ၆,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ ကျော်အထိ စျေးမြင့်တက်ပြီး ရွှေဘိုပေါ်ဆန်းကတော့ တအိတ်ကို ကျပ် ၂၀၀၀၀ အထက် ထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ အသင်းအဖွဲ့တွေ ဆန်စပါးပို့ကုန် ကုမ္ပဏီတွေ၊ ဆန်စက်နဲ့ ဆန်ကုန်သည်တွေ စုပေါင်းပြီး ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဆန်ဈေးနှုန်း တည်ငြိမ်စေဖို့နဲ့ အခြေခံပြည်သူတွေကို သက်သာတဲ့ဈေးနဲ့ ဆန်တွေရောင်းချပေးနိုင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013