အမေရိကန်ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို ဇွန် ၂၂ ရက်ကစပြီး ရက် ၆၀ ကြာ ဖြေလျှော့ပေးလိုက်ပါတယ်။
ဒါပေမဲ့ အီရန်ကသာ နှစ်ဖက်သဘောတူညီချက်အတိုင်း မလိုက်နာဘူးဆိုရင်၊ လိမ်လိမ်မာမာ မနေဘူးဆိုရင် လုပ်သင့်တာ ဆက်လုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ အောင်မြင်တဲ့ အပြီးသတ် သဘောတူညီချက်တခု အတွက် အခြေခံကောင်းတွေ ချမှတ်နိုင်ခဲ့တယ်လို့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။
ဆွေးနွေးပွဲမှာ ၂ နိုင်ငံစလုံးဟာ လာမဲ့ ရက် ၆၀ မှာ အမြဲတမ်း ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ လမ်းပြမြေပုံတခုကို သဘောတူခဲ့ကြတာပါ။
ဒီသဘောတူညီချက်အရ သြဂုတ် ၂၁ ရက်အထိ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမှာဖြစ်ပြီး အီရန်အနေနဲ့ ရေနံနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချခွင့် ရရှိမှာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား လက်ဘနွန်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သင်္ဘောတွေ လုံခြုံစွာ သွားလာနိုင်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ နျူကလီးယား စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာ မရှိသေးဘူးလို့ အီရန်ဘက်က ငြင်းဆိုပါတယ်။
အီရန်ရဲ့ ပိတ်ဆို့ခံထားရတဲ့ ရန်ပုံငွေတွေကို ပြန်ထုတ်ပေးမဲ့ ကိစ္စမှာလည်း ၂ နိုင်ငံအကြား သဘောထား ကွဲလွဲနေဆဲ ဖြစ်ပါတယ်။
ထိန်းချုပ်ခံထားရတဲ့ ဒီငွေတွေကို အမေရိကန်ကထွက်တဲ့ ပြောင်း၊ ပဲပိစပ်နဲ့ ဂျုံတွေ ဝယ်ယူဖို့ သုံးစွဲနိုင်တယ်လို့ ဗန့်စ်က ရှင်းပြပြီး ဒီငွေတွေဟာ အမေရိကန်လယ်သမားတွေဆီ ရောက်သွားမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
အီရန်ဗဟိုဘဏ်ဘက်ကတော့ ဒီလိုသတ်မှတ်ချက်မျိုး မရှိဘဲ တခြားကုန်ပစ္စည်းတွေ ဝယ်ယူဖို့ပါ သုံးစွဲနိုင်တယ်လို့ ပြောပါတယ်။










