DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက အဝယ်လိုက်သဖြင့် ပဲစင်းငုံစျေး မြင့်တက်
DVB
·
August 7, 2023
အိန္ဒိယက အဝယ်လိုက်သဖြင့် ပဲစင်းငုံစျေး မြင့်တက်
1 / 2
Donate to DVB

အိန္ဒိယက အဝယ်လိုက်လာတာကြောင့် မြန်မာပြည်တွင်းပဲဈေးကွက်မှာ တပတ်အတွင်း ပဲစင်းငုံဈေး မြင့်တက်လာတယ်လို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ပဲစင်းငုံဈေးနှုန်းဟာ ဇူလိုင်နောက်ဆုံးပတ်က တတင်း (ပိဿာ ၂၀) ကို ကျပ် ၉၃,၀၀၀ သာ ရှိခဲ့ရာက သြဂုတ် ၇ ရက် ဒီနေ့ဈေးနှုန်းအရ တတင်း (ပိဿာ ၂၀) ကို ကျပ် ၁၀၆,၉၀၀ အထိ ဈေးပေါက်ပြီး တပတ်အတွင်း တတင်းကို ကျပ် ၁၃,၉၀၀ မြင့်တက်လာပါတယ်။

အောင်လံရှိ ပဲအမျိုးမျိုးရောင်းဝယ်သူတဦးက “ပဲစင်းငုံနီဈေးက ဇူလိုင်အစက အကျဘက်ကို သွားနေတာပေါ့။ နောက်ဆုံးပတ်လည်း ရောက်ရော မြန်မာကျပ်ငွေ နောက်ဆက်တွဲ အခြေအနေကြောင့်ရော အိန္ဒိယဘက်က အဝယ်လိုက်တာကြောင့်ရော ဈေးက တဖြည်းဖြည်း ထိုးတက်သွားတယ်။ အခု ဈေးက ထပ်တက်ဖို့ရှိပါသေးတယ်။ ပဲစင်းငုံ အသစ်မထွက်မချင်း တက်ဦးမှာပါ” လို့ ​ပြောပါတယ်။

ပဲစင်းငုံဈေးက မြင့်တက်နေပေမဲ့ တောင်သူတွေလက်ထဲမှာကော ကုန်သည်တွေလက်ထဲမှာပါ ပဲစင်းငုံလက်ကျန် မရှိသလောက် နည်းပါးနေတယ်လို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေက ပြောပါတယ်။

ပဲအမျိုးမျိုးရောင်းဝယ်သူတဦးက “အိန္ဒိယရဲ့ ပဲလိုအပ်ချက်တွေကြောင့် အဝယ်လိုက်ပြီး ဈေးကောင်းနေပေမဲ့လည်း လက်ရှိဈေးကွက်မှာတော့ ပဲစင်းငုံလက်ကျန် အရမ်းနည်းနေတယ်။ တချို့ဒိုင်တွေဆို ပဲစင်းငုံ အရောင်းအဝယ်မရှိတော့လို့ ဈေးကွက်ပါ ပိတ်ထားရတယ်။ ဒီလကုန်လောက်ဆို ပဲစင်းငုံ ပြတ်သွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံမှ မတ်ပဲနဲ့ ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂ဝ၂၄ မတ် ၃၁ ရက်နေ့အထိ ခွင့်ပြုထားပြီး မြန်မာနိုင်ငံက ပဲတင်သွင်းခွင့်ကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။

ပဲစင်းငုံ တင်ပို့မှုမှာ ပထမ ၆ လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အိန္ဒိယနိုင်ငံကို တန်ချိန် ၁၇,၀၇၀၊ မလေးရှား၊ စင်ကာပူနဲ့ ဥရောပနိုင်ငံတွေကို တန်ချိန် ၁,၄၃၀ စုစုပေါင်း ပဲစင်း ငုံတင်ပို့မှု တန်ချိန် ၁၈,၅၀ဝ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ရရှိခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဲမျိုးစုံ အများဆုံးထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတခုအဖြစ် ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013