Home
မြန်မာသတင်း
စစ်ကောင်စီတပ်များ လက်ခတ်တောင်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ
DVB
·
August 7, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ  စစ်ရေးအရ အရေးပါတဲ့ လက်ခတ်တောင်စခန်းကုန်းကို ပြန်ရဖို့   စစ်ကောင်စီတပ်တွေက သြဂုတ် ၇ ရက် ဒီမနက်အစောပိုင်းမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ခတ်တောင်စခန်းကုန်းကို  KNU၊ KNLA၊ PDF ပူးပေါင်းတပ်တွေက ဇူလိုင် ၂ဝ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြဝတီမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကနေ သြဂုတ် ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ လက်နက်ကြီးတချို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း လက်နက်ကြီးပစ်ခတ်သံတွေ စတင်ကြားခဲ့ရပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေလို့ အခက်တွေ့နေရတဲ့ မြဝတီမြို့ပေါ်က ပြည်သူလူထုကို အာဏာသိမ်း စစ်တပ်က မကူညီတဲ့အပြင် စစ်ဘေးရှောင်ရအောင်ပါ ထပ်လုပ်နေတာဖြစ်တယ်လို့ မြဝတီမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြို့ပေါ်မှာ ရေကြီးနေလို့ ဒုက္ခရောက်နေပေမဲ့လည်း သူတို့(စစ်ကောင်စီ)ကတော့ စစ်တိုက်ဖို့ပဲသိတာ။ ပြည်သူတွေ ဒုက္ခရောက်တာပဲ မြင်ချင်တယ်နဲ့ တူပါတယ်။ လောလောဆယ်အထိ လက်နက်ကြီးလား လေယာဥ်လားတော့ မသိဘူး၊ တအုန်းအုန်း ပစ်နေကြတယ်။ လက်ခတ်တောင်ကို ပြန်တိုက်ဖို့ လုပ်နေတယ်လို့ပဲ သိရတယ်။ မနက်ကတော့ မြို့ထဲမှာ စစ်ကားတချို့ သွားနေတာတွေ့တယ်။”

လက်ခတ်တောင်စခန်းကုန်းရဲ့ တောင်ခြေမှာ KNU၊ KNLA၊ PDF ပူးပါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြဝတီမြို့ထဲက စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကနေ လက်နက်ကြီးနဲ့ တနေ့လုံး ပစ်ခတ်နေတာလို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ခတ်တောင်စခန်းဟာ တပ်မဟာ ၆ နယ်မြေနဲ့ မြဝတီကမ်းနား တလျှောက်မှာတော့ စစ်ဗျူဟာအရ၊ စီးပွားရေးအရ အရေးပါတဲ့နေရာ ဖြစ်နေလို့ ထိုးစစ်ဆင်နေတာလို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

“ဒီ မိုးထဲလေထဲ အင်အားအလုံးအရင်း ဝင်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကျိန်းသေတာက ဒီကောင်တွေဘက်ကနေ လက်နက်ကြီးနဲ့မရရင် လေယာဥ်ပစ်လိမ့်မယ်။ ကမ်းနားတလျှောက်နဲ့ မြဝတီမြို့ကိုက ဒီလက်ခတ်တောင်က စိုးမိုးထားတာ ဖြစ်နေတယ်လေ။ ပြီးတော့ တောင်ပေါ်က ဘုရားတွေက အလကားတည်ထားတာမဟုတ်ဘူး။ စေတီဘေးမှာ ခံကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေးမြောင်းတွေ တူးပြီး အခိုင်အမာ တပ်စွဲထားတာ။ အဲ့တော့ နယ်စပ်တလျှောက်  မြန်မာဘက်က လောင်းကစားရုံတွေက တရုတ်တွေကလည်း ဖိအားပေးမှာပဲ။ သူတို့ ရေကုန်ရေခန်း တိုက်လိမ့်မယ်လို့ ကျနော်တို့မြင်ပါတယ်။”

လက်ရှိမှာတော့ မြဝတီမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ကအထိ ကြားနေရပြီး စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာလည်း BGF က တပ်မမှူးအဆင့်ရှိသူ ဦးဆောင်ကာ ဟောင်ဝစ်ဇာ၊ မစ်ဇိုင်း၊ ၁၂ဝ တွေနဲ့ ကျောက်မိုင်း၊ လက်ခတ်တောင်ကို ပစ်ခတ်နေတယ်လို့ ဝါဒဖြန့် သတင်းလွှင့်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024