DVB Logo
Home
Lead Story
အဆုံးထိ တိုက်မည့်သူများနှင့် အဆုံးထိ မိုက်မည့်သူများ
DVB
·
August 7, 2023
အဆုံးထိ တိုက်မည့်သူများနှင့် အဆုံးထိ မိုက်မည့်သူများ
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက စစ်အကြမ်းဖက်ကောင်စီဟာ သူတို့ဖဲ သူတို့ချိုးဆိုသလိုပဲ အ‌ရေခြုံကာလုံဆိုတဲ့ စစ်ဓားပြဦးသျှောင်အဖွဲ့ကိုခေါ်ပြီး တိုင်းပြည်တည်ငြိမ်ဖို့၊ လုံခြုံရေး အားကောင်းစေဖို့ အချိန်ယူတည်ဆောက်ဖို့ လိုအပ်တယ်လို့ အကြောင်းပြပြီး အရေးပေါ်ကာလ သက်တမ်း ၄ ကြိမ်မြောက် တိုးလိုက်တယ်လို့ ကြေညာသွားပြန်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာလုယူပြီးတဲ့နောက် စစ်ဘီလူးဓားပြဂိုဏ်းဟာ အရေးပေါ်ကာလ သက်တမ်း ၁ နှစ် ကြေညာခဲ့ပြီး နောက်ထပ် ၆ လ သက်တမ်း ၂ ကြိမ် တိုးယူခဲ့တာကို တိုင်းပြည်ကို လုံးဝအုပ်ချုပ်ခွင့်မရဘဲ အခုအခါ ထပ်ပြီး စတုတ္ထအကြိမ် သက်တမ်းတိုးခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဟာ ဘာကို ညွှန်ပြနေသလဲဆိုရင် စစ်ဓားပြအုပ်စုဟာ အုပ်ချုပ်လို့မရလဲ လုယူထားတဲ့ အာဏာကို ပြည်သူ့ထံပြန်အပ်ဖို့ စိတ်ကူးတောင်မရှိဘူး၊ သူတို့နိုင်‌ခြေမရှိတော့ပေမဲ့ ပြည်သူလူထုကို ရသလောက် သတ်ဖြတ်သွားမယ်၊ ရသလောက် ဖျက်ဆီးဒုက္ခပေးသွားမယ်၊ မစားရတဲ့အမဲ သဲနဲ့ပက်နေတဲ့သဘော ဖြစ်သလို အဆုံးထိ ကမ်းကုန်အောင် မိုက်မဲမယ်ဆိုတဲ့ သဘောပါပဲ။

ဒါကို သက်သေထူနေတဲ့ အချက်အလက်ဖြစ်တဲ့ မိစ္ဆာဘီလူး ဓားပြတွေရဲ့ စစ်ရာဇဝတ်မှု‌တွေ အနက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဇူလိုင်လအထိ နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံတဝန်းလုံးမှာ ပြည်သူငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ ကြိမ် ကျူးလွန်ခဲ့ပြီး လက်နက်မဲ့အရပ်သား ၁,၅၉၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုလို အာဏာလုသက်တမ်း စတုတ္ထအကြိမ်တိုးယူတဲ့ နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက‌နေ ဇူလိုင်လအထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း  ၄၈ ကြိမ်အထိ ကျူးလွန်ခဲ့ကြရာမှာ  နောက်ဆုံးကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာ သတ်ဖြတ်မှုကြီး ဖြစ်ပါတယ်။ စစ်ဘီလူးတွေဟာ အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၄ ဦး တရက် တချိန် တနေရာတည်းမှာ ရက်စက်စွာ အသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဓားပြအုပ်စုဟာ နိုင်ငံရေးကို စစ်ရေးအမြင်နဲ့ပဲ ကစားတတ်ပါတယ်။ ရမ်းသန်းပစ်ခတ်ပြီး ပစ်မှတ်ရှာဖွေတဲ့နည်း (Searching fire) လုပ်လို့ သွေးတိုးစမ်းပြီး အရင်လုပ်လေ့ရှိပါတယ်။ သူ့ရန်သူက မတုံ့ပြန်နိုင်ဘူးထင်ရင် ဖိနင်း တိုးလုပ်တယ်၊ တုံ့ပြန်မှု ဆန့်ကျင်မှု ပြင်းထန်ရင် ပြန်လျှော့တယ်၊ ပြန်ငြိမ်ပေးလေ့ရှိပါတယ်။

အခုလည်း သူတို့ဟာ မိုက်ဇာတ်ဆက်ခင်းဖို့ အာဏာလု သက်တမ်းတိုးရင်းနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို မတရားအမှုဆင်ဖမ်းပြီး အပြစ်မရှိဘဲ ထောင်ချထားတဲ့ အပြစ်ဒဏ် မဆိုစ‌လောက်ကို လျှော့ပေးလို့ သူတို့ကပဲ သဘောထားကြီးသယောင်ပြတဲ့ လှည့်စားကွက်နဲ့ သွေးတိုးစမ်းလာတာ ဖြစ်ပါတယ်။ ဒါကို ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်မှု ပြင်းထန်ရင်တော့ ထပ်မံဖြေလျှော့ပြီး နိုင်ငံရေး ကစားလာနိုင်ပါတယ်။

ပြည်သူတွေဘက်ကလည်း မြန်မာသမိုင်းနဲ့ ကမ္ဘာ့သမိုင်းမှာပါ မရှိခဲ့ဘူးတဲ့ အရက်စက် အကြမ်းကြုတ်ဆုံးနဲ့ ကိုယ့်နိုင်ငံသား ပြည်သူတွေကို လက်နက်အားကိုးပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ ရဟတ်ယာဉ်နဲ့လိုက်ပစ်၊ ရွာလုံးကျွတ်မီးနဲ့ရှို့၊ ဓမ္မဘက်တော်သားတွေကို သေသည်အထိ ရိုက်သတ်၊ သက်ကြီးရွယ်အို ဗိုက်ကြီးသည်၊ ကလေးသူငယ် မရှောင် သတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေ နိဂုံးဆိုက်ဖို့ အဆုံးထိတိုက်မယ်လို့ ခိုင်မာစွာ အဓိဋ္ဌာန်ပြုပြီး စစ်အာဏာရှင် စနစ်ဆိုးကို မြေလှန်ထိုးနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ဗိုလ်ယုတ်ကြီးတွေ မသိချင်ယောင်ဆောင်‌နေတာက မြန်မာပြည်သူတွေ အတွက်တော့ အာဏာလုသက်တမ်းတိုးတိုး၊ ဘယ်လိုပရိယာယ်သုံးသုံး၊ ဘာတွေမျက်လှည့်ပြပြ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ အဆုံးထိတိုက်မယ် ဆိုတဲ့ ရည်မှန်းချက်ကို ဘာနဲ့မှ မပြောင်းလဲနိုင်တော့ဘူး ဆိုတာပါပဲ။ နွေဦးတော်လှန်ရေးဟာ အရင်ခေတ်တွေတုန်းကလို ပါတီစုံပေးမယ်တို့၊ စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီစနစ် အတူတည်ဆောက်ကြမယ်ဆိုတဲ့ ပျားရည်နဲ့ ဝမ်းချတာမျိုး လက်မခံကြတော့ပါဘူး။

အနာဂတ်နိုင်ငံတော်သစ်မှာ လက်ရှိ လူသတ် မီးရှို့ စစ်ဓားပြတပ်အတွက် နေရာမရှိတော့တာမို့ သွေးစွန်းတဲ့လက်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်လာတော့မှာ သေချာသထက် သေချာလာပြီမို့ စစ်ရာဇဝတ်ကောင်တွေကို အပြစ်ပေးရှင်းလင်းဖို့ အဆုံးထိ ဆက်တိုက်သွားကြမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင်တော့ ခွင့်မလွှတ်ထိုက်တဲ့ အမှားတွေ အကြိမ်ကြိမ် အဖန်ဖန် ကျူးလွန်ရင်း နောက်ပြန်လှည့်လို့ မရတော့တဲ့ စစ်မိစ္ဆာဓားပြတွေဟာ မထူးဇာတ်ခင်းပြီး အဆုံးအထိမိုက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လအကုန်မှာ သူတို့အာဏာလုလို့ ဖြစ်ပေါ်လာရတဲ့ အရေးပေါ်ကာလ သက်တမ်းကို ၄ ကြိမ်မြောက်တိုးပြီး ပြည်သူနဲ့ ကမ္ဘာကို သွေးတိုးစမ်းလာကြပါတယ်။ တဖက်မှာရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးထားကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လူ့အသိုင်းအဝိုင်းမှာ မရှိအပ်၊ မထားအပ်တော့တဲ့ မိစ္ဆာစစ်ဘီလူးတွေကို အပြီးတိုင် ချုပ်ငြိမ်းကွယ်ပျောက်သွားစေဖို့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံကလည်း ရရာနည်းလမ်းပေါင်းစုံနဲ့ သမိုင်းခေတ်က ပေးအပ်လာတဲ့ တာဝန်ယူပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ နိုင်ရာဝန် ထမ်းနေကြပြီ ဖြစ်ပါတယ်။

စစ်မိစ္ဆာအာဏာရူးတွေ အသည်းအသန် အကြောက်ဆုံးအရာတွေက ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တရားမျှတရေး ဆိုတာတွေပဲ။ ဒါတွေဟာ သူတို့ကို ကြိုးစင်ပို့နိုင်တာ မဟုတ်လား။ ဒါကြောင့် အဆုံးထိမိုက်ပြီး ကြိုးစဉ်တက်ရမယ့် အာဏာရူး စစ်ဘီလူး မင်းအောင်လှိုင်နဲ့ နောက်ပါ ဓားပြတသိုက်နဲ့ စစ်ရာဇဝတ်အမှုတွဲ လူ့အန္ဓ စစ်သားမိုက်၊ လူမိုက်၊ ရဟန်းမိုက်တွေကို မြန်မာ့လူဘောင်မှာ နောင်အခါ ဘယ်တော့မှ ခေါင်းထောင်မလာနိုင်အောင် အာဂမြန်မာပြည်သူတွေကလည်း ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု နိုင်ငံ‌တော်သစ် ပေါ်ထွန်းသည်အထိ အဆုံးထိ တိုက်သွားမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013