DVB Logo
Home
Lead Story
မဟာအဝီစိ မြန်မာပြည့် ငရဲ
DVB
·
August 7, 2023
မဟာအဝီစိ မြန်မာပြည့် ငရဲ
Donate to DVB

ငရဲရှစ်ထပ်၊ အောက်ဆုံးရပ်တည်

စစ်တပ်အာဏာ၊ သိမ်းထားပါသော

မြန်မာပြည်ဟု ခေါ်ပါသည်။ ။

လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆိုး အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ လက်တွေ့ ကြုံတွေ့နေကြရတဲ့ ပြည်သူတို့ရဲ့ဆန္ဒ ပြည်သူတို့ရဲ့အသံတွေဟာဖြင့် ကြားရသူတို့ရဲ့ ရင်မှာ ပြင်းပြင်းထန်ထန် ပဲ့တင်ထပ်နေပါတယ်။

တကယ်လို့ သင် တတ်နိုင်မည်ဆိုရင် သင့်လုပ်ဆောင်မှု တခုလောက်နဲ့  လူလူချင်းအကို မြန်မာ့ငရဲခန်းကနေ ဝိုင်းဝန်း စုပေါင်း ကယ်ထုတ်ကြပါစို့။

ကျနော်တို့ မြန်မာနိုင်ငံဟာ ကျနော်တို့ ဘာမှမလုပ်နိုင်ခင်၊ ဘာမှ မသိခင်မှာကတည်းက ငရဲမင်း လက်အောက် ကျရောက်နေခဲ့ရပါတယ်။

ခုဆိုရင် မြန်မာ့ငရဲခန်းဟာ အဆိုးဝါးဆုံး အခြေအနေမှာ ရှိနေပါတယ်။ ငရဲမင်းနဲ့ အပေါင်းအပါတွေမှာ လူသားဆန်မှုတွေ လုံးဝမရှိပါဘူး။ လောကမှာ အရက်စက်ဆုံး သတ္တဝါတွေပါပဲ။

မြန်မာပြည်သူတွေဟာ ဒီအခြေအနေက ဘယ်တော့များမှ လွတ်မြောက်ကြမှာပါလဲ။ သိကြားမင်းရဲ့ ကျောက်ဖျာဟာလည်း အခုအထိ မတင်းသေးဘူးလား။

အို ရှင်တော် ဗုဒ္ဓ

တပည့်တော်သည်

ရန်သူ၏ သေဆုံးခြင်းကို ဖြစ်စေ

မိတ်ဆွေ၏ သေဆုံးခြင်းကို ဖြစ်စေ

မည်သည့်အနိဌာရုံကိုဖြစ်စေ

စိတ်နှလုံးသာယာခြင်း အလျင်းမရှိခဲ့ပါ။

ဤမှန်သော သစ္စာစကားကြောင့်

မြန်မာပြည်သည် ငရဲခန်းမှ

အမြန်ဆုံး လွတ်ကင်းပါစေသား အရှင်ဘုရား။    ။

မြန်မာပြည်သူ ပြည်သားများသည် လူ့ဂုဏ်သိက္ခာနဲ့ လူသားအခွင့်အရေးအတိုင်း နေထိုင်နိုင်ဖို့ အခွင့်အရေး ရှိကြပါတယ်။ မိမိတို့ရဲ့ အနာဂတ်ကို မိမိတို့ကိုယ်ပိုင် ပုံဖော်ခွင့်ရှိကြပါတယ်။ အာဏာရှင်လက်အောက်တွင် တစက္ကန့်မှ မရှင်သန်လိုကြပါ။ လူ လူချင်း အနိုင်ကျင့်ခြင်း၊ ဂုဏ်သိက္ခာ စော်ကားခြင်းကို မခံမရပ်နိုင်ကြပါ။

အကြောက်တရားနဲ့  အုပ်ချုပ်ခြင်းကို မိမိတို့မျိုးဆက်တွေ ကြုံတွေ့ခံရမှာကို လုံးဝ မလိုလားကြပါ။ ပြည်သူတို့ဆန္ဒဟာ  အလေးထားရမယ့် အမှန်တရား ဖြစ်ပါတယ်။

အာဏာရှင် အမြန်ကျဆုံးပါစေ။  

အို လောကပါလ နတ်မြတ်အပေါင်းတို့။

အနာဂတ်မြန်မာနိုင်ငံမှာ စမတ်ကျတဲ့၊ ပရော်ဖက်ရှင်နယ်ကျတဲ့၊ ပြည်သူချစ်တဲ့၊ ပြည်သူလေးစားတဲ့ စစ်သားတွေ ပေါ်ထွန်းပါစေ။

စမတ်ကျတဲ့ ၊ ပရော်ဖက်ရှင်နယ်ကျတဲ့၊ ပြည်သူချစ်တဲ့၊ ပြည်သူလေးစားတဲ့ ရဲသားတွေ ပေါ်ထွန်းပါစေ။

စမတ်ကျတဲ့၊ ပရော်ဖက်ရှင်နယ်ကျတဲ့၊ ပြည်သူချစ်တဲ့၊ ပြည်သူလေးစားတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပေါ်ထွန်းပါစေ။

စမတ်ကျတဲ့၊ ပရော်ဖက်ရှင်နယ်ကျတဲ့၊ ပြည်သူချစ်တဲ့၊ ပြည်သူလေးစားတဲ့ သာသနာ့ဝန်ထမ်းတွေ ပေါ်ထွန်းပါစေ။

စမတ်ကျတဲ့၊ ပရော်ဖက်ရှင်နယ်ကျတဲ့၊ ပြည်သူချစ်တဲ့၊ ပြည်သူလေးစားတဲ့ ပြည်သူတွေ ပေါ်ထွန်းပါစေ။

ဒါတွေဟာ ဒီကနေ့ မြန်မာပြည်သူတွေရဲ့ အသံတွေပါ။ ဒီလို ပြည်သူတွေရဲ့ အသံတွေဟာ ကြားရ သိရသူ အပေါင်းကို ရင်မှာ နာကျင်စရာအတိ ဖြစ်ပါတယ်။

ဒီလို ဒုက္ခဆင်းရဲတွေအပြင် ပြည်သူအများစုဟာ အငတ်ဘေးနဲ့ ရင်ဆိုင်လာနေရပါတယ်။ အောက်ခြေလူတန်းစား မဆိုထားဘိ၊ လူလတ်တန်းစားတွေတောင် သူတပါး ထောက်ပံ့မှုတွေ မှီခိုလာနေရပါတယ်။

ဒီလို အလျင်မမီတဲ့ အထောက်အပံ့တွေ စားသုံးရင်း ဒီ‌အခြေအနေက အမြန်ဆုံးလွတ်မြောက်ဖို့ မျှော်လင့်နေကြပါတယ်။ သူတပါး ပေးနိုး ကမ်းနိုး အခြေအနေဟာ ကိုယ့်ကိုယ်ကို အားကိုးရပ်တည်ခဲ့သူတွေ အနေနဲ့ အင်မတန်ဆိုးဝါးတဲ့ ခံစားချက်တွေ ဖြစ်လာစေပါတယ်။

ဒီလိုအခြေအနေမှာ ပြည်သူတချို့ဟာ စိတ်ဒဏ်ရာရရှိ ခံစားနေကြရပါတယ်။ ငရဲမင်းဟာ ပြည်သူကို သူနဲ့ထပ်တူ ရူးသွပ်စေခဲ့ပါတယ်။

ဒီလို အသေးစား စိတ်ဒဏ်ရာတွေက မြန်မာပြည်သူတွေကို ဘယ်လိုများ ပြန်လည်ကုစား လွန်‌မြောက်နိုင်ကြပါ့မလဲ။ အဖြေဟာ အားလုံးအတွက် အမြန်ဆုံး ဖြစ်ပါစေလို့ မျှော်လင့်ရပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာပြည်သူတွေဟာ ဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရတဲ့အထိ ခံစားနေကြရပါတယ်။ အခြေခံ ကျန်းမာရေးကအစ အကြီးစားစောင့်ရှောက်မှုအထိ မရနိုင်သူတွေ များစွာရှိနေကြပါတယ်။ ကိုဗစ် ကပ်‌ရောဂါဘေးကို ကျော်လွှားနိုင်ခဲ့ပြီးတဲ့ နောက်မှာ ပိုဆိုးတဲ့ ကျန်းမာရေးအနေအထားတွေဟာ ရင်နာစရာ အတိပါပဲ။

မြန်မာပြည်ကြီး အမြန်ကျန်းမာပါစေ။

မြန်မာပညာရေးဟာလည်း ရပ်တန့်လုမတတ် အနေအထား၊ နောက်ပြန်ဆုတ်တဲ့ အနေအထား၊ ခပ်တည်းတည်းလေး ဆွဲထိန်းနေရတဲ့ အနေအထားတွေကို ရင်ဆိုင်နေရပါတယ်။

မြန်မာ့ အနာဂတ်မျိုးဆက်တွေကို ဘယ်လိုအမြန်နှုန်းမျိုးနဲ့ ပြန်လည်ကုစားကြရပါမလဲ။

ဒါဟာ အင်မတန်အရေးကြီးတဲ့ နောင်မျိုးဆက်အတွက် အထူးအလျှင်အမြန် ဆောင်ရွက်ရမယ့် ဝတ္တရားပါပဲ။ နိုင်ရာက ပြန်ထမ်းနိုင်မယ့် ပညာရှင်တွေ အသင့်ပြင်ထားနိုင်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။

အရေးအကြီးဆုံးက အသက်စွန့်၊ စည်းစိမ်စွန့်၊ ရာထူးဂုဏ်သိမ်စွန့်၊ ပြီးပြည့်စုံပြီးသား ဘဝတွေ စွန့်ကာ နိစ္စဓူဝ ရှင်သန်နိုင်ဖို့အရေး မနည်း ရပ်တည်နေကြရတာ ဖြစ်ပါတယ်။ ဒီ ပြည်သူတွေရဲ့ အပူကို ဘယ်သူကူလို့ ငြိမ်းပါ့မလဲ။

အကြောက်တရားတွေအောက်က ချောက်ချားတဲ့ညတွေ နေ့စဉ်ဘဝဆိုးတွေ ဘယ်တော့များမှ ကုန်လွန်ရနိုင်ပါမလဲ။ မနက်ဖြန် မိုးသောက် အလင်းရောက်တဲ့အခါ ကြည်စင်လင်းတဲ့ မိုးကောင်းကင်အောက် သာယာငြိမ်ချမ်းတဲ့ နေ့သစ် ရောက်ရပါစေလို့ ဆန္ဒပြုရင်း။    ။

သန့်ကေသာ (စီဒီအမ် ကျောင်းဆရာမ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013