
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ သြဂုတ် ၅ ရက်၊ စနေနေ့ရဲ့ ည ၈ နာရီ နောက်ပိုင်းအချိန်က အစုံလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ ၃ ဦး သေဆုံးကာ တခြား ၂ ဦးကို ဆေးရုံတင်ထားရတယ်လို့ မြို့တော်ရဲဌာန (MPD) က အတည်ပြုပါတယ်။
ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူတွေထဲမှာ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၁ ဦးတို့ ပါဝင်တယ်လို့ MPD ရဲ့ ယာယီအကြီးအကဲဖြစ်သူ ပမ်မယ်လာ စမစ်က ပြောကြားပါတယ်။
အခင်းဖြစ်ပွားရာမှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ်အမျိုးသား ၂ ဦးကတော့ ဆေးကုသ မှုခံယူနေပြီး သူတို့ရဲ့အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုရဲ့ တရားခံကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း ယာယီအကြီးအကဲဖြစ်တဲ့ စမစ်ကတော့ သေနတ်နဲ့ အကြမ်းဖက်မှု တွေ မြင့်တက်လာတဲ့အပေါ်မှာ အလွန်စိတ်ပျက်ကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။
အကြမ်းဖက်မှုတွေအပေါ် ကာကွယ်တားဆီးရာမှာ လူမှုအသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ အတွက် စမစ်က တောင်းဆိုခဲ့ပါတယ်။
Source-Reuters










