
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇွန်လတတိယပတ်လောက်က စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံဖြစ်နေပြီး ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်လာကာ ပြည်သူအခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြဝတီမြို့ရှိ စာသင်ကျောင်း၊ လူနေအိမ်တွေနဲ့ ကားလမ်းတွေပေါ်အထိ ရေလျှံတက်နေတဲ့အတွက် ခရီးသွားရေးလာရေး အခက်အခဲတွေရှိနေပြီး ကုန်စျေးနှုန်မြင့်တက်လာတာကတော့ အဓိကအခက်အခဲဖြစ်တယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
"မိုးရွာတာက မပြတ်ဘူးလေ။ ကားနဲ့လည်း သွားမရ ဆိုင်ကယ်နဲ့လည်း သွားမရ၊ မြို့ထဲက အိမ်တွေအထိ ရေဝင်တယ်။ စျေးသွားဖို့ကျတော့လည်း စျေးထဲမှာလည်း ရေမြှုပ်။ အဲ့တော့ ကုန်စျေးနှုန်းက ထုံးစံအတိုင်း တက်တယ်။ အကုန်နှစ်ဆတက်တယ်။ ဆန်တအိတ် ရိုးရိုးဆန်မာကို ၁ သိန်းကျော်သွားပြီ။ ကျန်တာတော့ မပြောချင်တော့ဘူး။ မတတ်နိုင်တဲ့သူတွေလည်း ငတ်ပေါ့၊ ဘယ်အဖွဲ့ကမှလာ မကူညီဘူး။”
မြဝတီမြို့မှာ စစ်ကောင်စီတပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးရုံးတွေ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းရုံးတွေနဲ့ အဖွဲ့စုံရှိပေမဲ့လည်း ပြည်သူလူထုအပေါ် ကူညီပေးတာမရှိဘူးလို့ မြို့ခံ တဦးက ပြောပါတယ်။
"မြဝတီမြို့က အဖွဲ့စုံတယ်။ ဗိုလ်တွေချည်းပဲ၊ ဘယ်သူ့ဆရာခေါ်ရမယ်မသိဘူး။ မြို့ထဲရော မြို့ပြင်ရောနိမ့်တဲ့နေရာတွေရေမြှုပ်နေပြီ။ မေးသံတချက်မကြားရဘူး။ မြို့ထဲအိမ်တွေ ရေခြေသလုံးလောက်ထိဝင်တယ်။ ကိုယ်ထူကိုယ်ထပဲ ရေလွတ် မလွတ်ကြည့်ပြီး ရေလွတ်ရာကို ရှောင်ရတယ်၊ စာသင်ကျောင်းတွေကလည်း ဖွင့်တယ်၊ ပိတ်တယ်ဘာမှ အသိမပေးဘူး။ မိဘတွေကသာ မိုးကြီးရင်မလွှတ်လို့အဆင်ပြေနေတာ။ မိုးးရွာတော့ ရေတက်ရင်မြွေ တက်လာတာ မျိုးတွေရှိတယ်။ အဲ့အတွက်ရေမြောင်းဆယ်တာတွေ၊ တာဘောင်ဖို့တာတွေမလုပ်ဘူး၊ အားရင် ကိုယ့်အိတ်ထဲ ဘယ်လိုထည့်မလည်းပဲ ချောင်းနေကြတာ။ ပြောရရင်မကောင်းတော့ဘူး။ အကူအညီတွေကတော့လိုအပ်နေတယ်။ ဝမ်းရောဂါအတွက် ဓာတ်ဆားရေတွေစသည်ဖြင့် စျေးတက်တော့ အခက်အခဲတွေရှိနေတာတော့အမှန်ပဲ။”
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၇၅ နဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ရေဘေးသင့်ပြည်သူတွေကို ကူညီပေးမှုတွေမရှိသေးသလို ကုန်စျေးနှုန်းကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ကုန်သည်စီးပွားအဖွဲ့အစည်းတွေက ထိန်းပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီရှိ ရေဘေးရှောင်စခန်း ၅ ခုမှာ အိမ်ထောင်စု ၁၇၆ စုက လူဦးရေ ၇၉၂ ဦး ခိုလှုံနေကြပြီး ပြည်နယ်အုပ်ချုပ်ရေးက ရေသန့်နဲ့ စားနပ်ရိက္ခာ အဝတ်အထည်တွေ သြဂုတ်လ ၅ ရက်နေ့မှာ ပေးအပ်ခဲ့ပါတယ်။
သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေမှတ်ကျော်လွန်နေသလို ဘားအံမှာလည်း သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေတယ်လို့ မိုး/ဇလဌာနက ထုတ်ပြန်ထားပါတယ်။










