
ဇူလိုင် ၇ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပသွားတဲ့ America’s Got Talent ပြိုင်ပွဲကြီးမှာ ထိုင်းနိုင်ငံ၊ ဖူးကက်ခရိုင်မှ ဆယ်ကျော်သက်မိန်းကလေး နေနေ့ရွိုင်ရယ် “Nene Royal” က နိုင်ငံ့ဂုဏ်ဆောင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒိုင်လူကြီးတွေနဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုတွေ ရနေပါတယ်။
အစပိုင်းမှ သူဟာ ထိုင်းတို့ဓလေ့အတိုင်း လေသံအေးအေးလေးနဲ့ ယဉ်ကျေးစွာ မိမိကိုယ်မိမိ မိတ်ဆက်ခဲ့ပေမဲ့ ပြိုင်ပွဲဝင်ဖို့ အီလက်ထရောနစ် ဂီတာစတီးခတ်လိုက်တာနဲ့ ပရိသတ်အားလုံး သူ့ရဲ့ မြူးကြွတဲ့ ဂီတာသံကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။
သူက ကမ္ဘာကျော် The Cranberries တီးဝိုင်းအဖွဲ့ရဲ့ Zombie ဆိုတဲ့ သီချင်းကို အင်အားရှိတဲ့ အသံပါဝါ၊ ခံစားချက်အပြည့်၊ ဂီတနဲ့လိုက်ဖက်တဲ့ ဟန်မူရာတွေနဲ့ တင်ဆက်ပြသနိုင်ခဲ့တာကြောင့် အကဲဖြတ် ဒိုင်လူကြီး ၄ ဦးတင်မကဘဲ ပွဲကြည့်ပရိသတ်အားလုံး တခဲနက် မတ်တတ်ရပ် လက်ခုပ်တီးအားပေးကြပါတယ်။
ဒိုင်လူကြီး ၄ ယောက်က နေနေ့ကို “အရမ်းကောင်းတဲ့ ဖျော်ဖြေမှုပဲ၊ ခရီးဝေးထိ ဆက်သွားနိုင်တဲ့ အရည်အချင်းရှိတယ်”၊ “ဒီကနေ့ မင်းဟာ အံ့ဩစရာအကောင်းဆုံးပါ၊ မင်းဟာ တကယ့်ကို Rock Star ပါပဲ” ၊ “ အသက် ၁၅ နှစ်တည်းနဲ့ အသံကိုကောင်းကောင်းထိန်းပြီး ဆိုနိုင်တယ်၊ ဂီတာတီးလည်း အရမ်းတော်တယ်၊ မင်းဟာ ထူးခြားတဲ့ပါရမီရှင်ပဲ”၊ “မင်းရဲ့အသံက ထူးခြားပြီး ရိုးသားတယ်၊ နည်းနည်းကြမ်းတဲ့အသံ ဖြစ်ပေမဲ့ ဒါက ဒီပြိုင်ပွဲရဲ့ အမှတ်တရပါပဲ”လို့ အသီးသီး ချီးကျူးပြီး ၄ ယောက်လုံး “Yes” ပေးခဲ့ပါတယ်။ ဒါကြောင့် သူဟာ နောက်တဆင့်ကို ဆက်လက်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။
နေနေ့ရွိုင်ရယ် ရဲ့ အမည်ရင်းမှာ ရတ်တီကန်အမ်းလွဲ ဖြစ်ပြီး ထိုင်းတောင်ပိုင်း ဖူးခက်မြို့ ဇာတိဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲဝင်တဲ့ ဇူလိုင် ၇ ရက်နေ့ကမှ အသက် ၁၅ နှစ်ပြည့်ပြီး ဇူလိုင် ၈ ရက်ကတော့ ၁၆ နှစ်ထဲ ဝင်ရောက်တဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒိုင်လူကြီးနဲ့ ပရိသတ်တွေက သူ့ကို မွေးနေ့ဆုတောင်းသီချင်း သီဆိုပေးခဲ့ကြပါတယ်။
သူဟာ ကလေးဘဝကတည်းက တေးဂီတကို စိတ်ဝင်စားတယ်၊ အထူးသဖြင့် Rock သီချင်းတွေ ကြိုက်တယ်။ ၄ နှစ်ရွယ်မှာ သီချင်းစဆိုပြီး ၆ နှစ် သမီးရွယ်မှာ ဂီတာ စတင်တီးခတ်ပါတယ်။ မိဘတွေကလည်း သူ့ဝါသနာကို မြေတောင်မြှောက် အားပေးတယ်၊ America’s Got Talent ပြိုင်ပွဲမှာ ဖခင်ဖြစ်သူကိုယ်တိုင် လိုက်ပို့ပြီး စင်နောက်ကနေ အားပေးခဲ့ပါတယ်။
သူဟာ ကျောင်းကပွဲ အရပ်ပွဲလမ်းတွေမှာလည်း အခွင့်ရှိရင် ရှိသလို သီချင်းဆိုပြိုင်တယ်၊ ဆုတွေလည်း ရခဲ့တယ်၊ ပွဲမရှိရင်လည်း လူသွားလူလာများတဲ့ လမ်းဘေးမှာ သီဆိုဖျော်ဖြေတယ်၊ ဝါသနာတူ သူငယ်ချင်းတွေစုပြီး Ozone ဆိုတဲ့ တီးဝိုင်းလေးပါ ထောင်ထားပါတယ်။
သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက် Nene Royal မှာလည်း Follower ၈ သန်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရထားတာကြောင့် နောင်အနာဂတ်မှာ ထိုင်းနိုင်ငံရဲ့ Rock ဘုရင်မ ဖြစ်လာလိမ့်မယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။
Source: Thai PBS / Thairath










