
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ညဈေးတန်းနားမှာရှိတဲ့ Lashio Sunny Hotel မှာ ဒီကနေ့ သြဂုတ် ၆ ရက်နေ့၊ မနက် ၁၀ နာရီကျော်က ပြင်းထန်တဲ့ပေါက်ကွဲမှု တခုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “လားရှိုးညဈေးတန်းနဲ့တလမ်းကျော် သိန်းထိုက်ရုပ်ရှင်ရုံနောက်က လားရှိုး Sunny ဟိုတယ်မှာ ဒီမနက်ပိုင်း ပေါက်ကွဲမှုဖြစ်တယ်။ ဗုံးပေါက်တာလားတော့ မသိဘူး။ ပေါက်ကွဲသံထွက်ပြီးတော့ မီးခိုးတွေအူပြီး ထွက်လာတယ်။ လူအထိခိုက်တော့မရှိဘူး” လို့ ပြောပါတယ်။
အခုပေါက်ကွဲတာမှာ လူအထိအခိုက်မရှိသေးဘူးလို့ မြို့ခံတွေကပြောဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းကလည်း လားရှိုးမြို့မဈေးကြီးရဲ့ မိန်းလမ်းမကြီးဘေးက ဇွဲထက်ရွှေဆိုင်ရှေ့မှာပေါက်ကွဲခဲ့လို့ ဈေးဆိုင်ဝန်ထမ်း ၁၂ ယောက် ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
“ပြီးခဲ့တဲ့လကလည်း ဇွဲထက်ရွှေဆိုင်ရှေ့မှာ ပေါက်ကွဲလို့ ဆိုင်ဝန်ထမ်း ၁၂ ယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့တာရှိတယ်။ အဲဒီဖြစ်စဉ်ကို စစ်တပ်ရော ရဲရော မဖော်ထုတ် နိုင်ဘူး။ လားရှိုးမှာက ဒီလပိုင်းအတွင်း ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်လာတယ်။ လုယက်မှုတွေလည်း မျိုးစုံပဲ” လို့ မြို့ခံတယောက်က ဆိုပါတယ်။
လားရှိုးမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မြို့ဖြစ်သလို ဒုပြည်နယ်ရဲတပ်ဖွဲ့ ရုံးစိုက်ရာလည်းဖြစ်ပါတယ်။
လားရှိုးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေသလို ဗုံးပေါက်ကွဲမှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။
ဓာတ်ပုံ- CJ










