
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ သြဂုတ် ၅ ရက် မနေ့နေ့လယ်ပိုင်းက ကျောက်စိမ်းလုပ်ကွက်ဟောင်းနားမှာ ကမ်းပါးပြိုကျလို့ လူ ၄ ယောက် မျောပါသွားပြီး ၁ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မှော်စီစာကျေးရွာ လုပ်ကွက်ဟောင်းရေကန်မှာ ရေချိုးနေသူ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ရေချိုးနေတုန်း ကမ်းပါးပြိုကျတဲ့အတွက် ရေစီးနဲ့အတူ မျောပါသွားပြီး အမျိုးသမီး ၁ ယောက် သေဆုံးသွားတာပါ။
ဒေသခံ ရေမဆေးရှာဖွေနေသူတယောက်က "နေ့လယ် ၁၂ နာရီလောက်က လုပ်ကွက်ဟောင်းရေကန်မှာ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ရေချိုးနေတာ။ အပေါ်က ကမ်းပါးအချပ်လိုက်ကြီး ပြိုကျတော့ အရှိန်နဲ့ ရေစီးထဲ မျောပါသွားတယ်။ ကလေး ၂ ယောက်နဲ့ အမျိုးသမီးတယောက်ကတော့ ပြန်တွေ့တယ်။ အမျိုးသမီးတယောက်ကတော့ ရေစီးနဲ့ မျောသွားပြီး အလောင်းပဲ ပြန်ရတယ်" လို့ ပြောပါတယ်။
ကမ်းပါးပြိုကျလို့ ရေစီးနဲ့အတူမျောပါသွားတဲ့ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီးတို့ဟာ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေပဲရခဲ့ပြီးရှိခဲ့ပြီး သေဆုံးသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးရဲ့အလောင်းကိုတော့ ညနေပိုင်းမှာ ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွေမှာ မိုးရာသီကာလအတွင်း နွံကန် ပေါက်တာတွေ၊ ကမ်းပါးပြိုကျတာတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ မကြာခဏ ထိခိုက်သေဆုံးဒဏ်ရာရကြပြီး သြဂုတ် ၄ ရက်နေ့ကလည်း မော်မောင်းဘွမ်ကျေးရွာ လုပ်ကွက်ဟောင်းနားမှာ ကမ်းပါးပြိုကျခဲ့လို့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။
photo cj