DVB Logo
Home
Lead Story
ဟီးရိုးရှီးမား မိုးကောင်းကင်
DVB
·
August 6, 2023
Donate to DVB

ကဗျာဆရာ “ယူကီကို ဟေရရှိ” ဟာ ဟီးရိုးရှီးမားမြို့ အဏုမြူဗုံးအကြဲခံရစဉ်က သူ့မိသားစုအားလုံးသေဆုံးကြရပြီး သူတစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူပါ။ ဒါပေမဲ့ သူလည်းပဲ နောက်တော့ အဏုမြူဓာတ်သင့်တဲ့ရောဂါနဲ့ပဲ ဆုံးရသူပါ။ ဒီကဗျာက သူ မကွယ်လွန်ကရေးခဲ့တာဖြစ်ပြီး နာဂါဆာကီမြို့ အဏုမြူဗုံးဒဏ်သင့်ပြတိုက်မှာ အခုထက်ထိ ချိတ်ဆွဲဖေါ်ပြထားတဲ့ ကဗျာပါပဲ။

ဟီးရိုးရှီးမား မိုးကောင်းကင်

အဲဒီညက

မြို့ပြင်ဘက် ကွင်းပြင်ထဲ ထွက်အိပ်ခဲ့တာကိုက

ကျွန်တော့်အတွက် အင်မတန်ကောင်းမွန်တဲ့

အမိုးအကာတစ်ခုလို ဖြစ်ခဲ့တယ်။

နောက်တစ်နေ့မနက်ကြတော့

အဖေတစ်ယောက်ထဲ အသက်ရှင်ကျန်ရစ်

အမေနဲ့ ယူချန်းကတော့ သေဆုံးကုန်ကြရတယ်။

ယာဟာတာမြစ်ပေါ်က

သြဂုတ်လရဲ့ ပူပြင်းတောက်ပလှတဲ့နေရောင်ခြည်ဟာ

မျက်ရည်တွေကျနေတဲ့ ကျွန်တော်တို့ရှေ့မှာ မှုန်ဝါးပျောက်ကွယ်နေခဲ့ရတယ်။

နောက်တစ်နေ့မှာတော့

ဖယောင်းတိုင်ဘူးခွံတစ်လုံးဆွဲကိုင်ထားတဲ့ အဖေနဲ့အတူ

ပေါက်တူးကို ပခုံးပေါ်ထမ်းပြီး

လုံး၀ မီးသင့်ပြာကျနေပြီဖြစ်တဲ့ ဟီးရိုးရှီးမားမြို့ဆီ

တဖြေးဖြေးချင်း လျှောက်လာခဲ့တယ်။

ဟီးရိုးရှီးမားကိုရောက်တဲ့အခါ

အသားကိုလောင်မြိုက်လို့ရတဲ့ ညှော်နံ့တွေပြည့်နေတာ

မီးလောင်တိုက်သွင်းခံထားရတဲ့ ခန္ဓာကိုယ်တွေဆီကရတဲ့ အနံ့တွေနဲ့

ကျွန်တော်တို့ ကြုံကြရတယ်။

သားအဖနှစ်ယောက်

မီးလောင်ထားလို့ ကွေးကောက်နေတဲ့ သံတံတားပေါ် ဒယီးဒယိုင် ဖြတ်လျှောက်

နွေလယ် မြင်ကွင်းက ထင်းထင်းကြီးဖြစ်လျက်

လူသေအလောင်းတွေက မနေ့ကထက် ပိုများလာသလို တွေ့ရ

ရောင်ကားဖေါင်းပွနေတဲ့ ခန္ဓာကိုယ်ထဲက

ကလီစာတွေကို အတိုင်းသား

အူတွေများ အခွေလိုက်ပုံကျလျက်။

နားတွေ ပါးစပ်တွေ နှာခေါင်းတွေထဲကတဆင့်

ပုလွေမှုတ်လို့ ထွက်ပေါ်လာတဲ့ အသံမျိုးတွေက

မပီမသ ဝိုးတဝါး။

အမှောင်ထဲကတဆင့်

မျက်လုံးအိမ်တွေထဲကတဆင့်

မျက်လုံးတွေက ရှေ့ကို ပြူးထွက်နေကြ။

အို

ကျွန်တော့်မိသားစု နေထိုင်ခဲ့တဲ့ အိမ်ဆိုတာများ

အုတ်ပုံတစ်ပုံအဖြစ်ပဲ ကျွန်တော်တွေ့ရ

ရေတွင်းထဲမှာ

တ၀က်တပျက် မီးလောင်ထားတဲ့ မီးဖိုချောင်သုံး ဓားတစ်ချောင်းက

တစ်ခြမ်းမြုပ်လျက် လှုပ်လျက်။

မီးဖိုချောင်အဖြစ် အသုံးပြုခဲ့တဲ့နေရာ

မြေကွက်လပ်ပေါ်မှာ

သံဒယ်အိုးတစ်လုံးက

ဖရုံသီး အစအနတွေဘေးမှာ ဖရိုဖရဲလဲလျောင်းလျက်။

မနေ့ကမနက် ခြောက်နာရီက

ကျွန်တော် ဖြစ်ကတတ်ဆန်းချုပ်ပြုတ်စားခဲ့လို့ ကျန်ခဲ့တဲ့ မနက်စာ အစားအသောက်တွေက

အဲဒီဘေးမှာပဲ ဟန်မပျက် ပြန့်ကျဲ ပလဲလျက်။

ပြိုကျထားတဲ့ အုတ်ကြွပ်မိုးအစအနတွေကို ကျွန်တော် ပေါက်တူးနဲ့ ဆွဲစုပုံလိုက်တယ်

အုတ်ကြွပ်မိုးတစ်ချပ်  အောက်ကိုကျသွားတဲ့အသံ ကြားရတယ်

အဖေက ချက်ချင်းဆိုသလို ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အဲဒီနေရာကို လက်နဲ့ဆွဲခြစ်တူးဆွလိုက်တယ်

အဖေ့ရဲ့ပါးစပ်ကလည်း အားအင်ကုန်ခန်းချိနဲ့တဲ့အသံကြားလိုက်ရတယ်

ကျွန်တော် ပေါက်တူးကိုပစ်ချထားလိုက်ပြီး

အဖေ လက်ညှိုးထိုးပြတဲ့နေရာကို လက်နဲ့ပဲ တူးဆွတယ်

အုပ်ကြွပ်တွေဆိုတာ နေရောင်အောက်မှာ ပူနွေးနေဆဲ

သားအဖနှစ်ယောက်စလုံး ဘယ်သူမှ အသံမပြုနိုင် အင်တိုက်အားတိုက် တူးကြ

အို

အမေ့ရဲ့ အရိုးတွေ

ကျွန်တော် အမေ့ရဲ့အရိုးတွေကို ဆွဲစုလိုက်တော့

အရိုးပြာတွေက လေထဲမှာ ပျံ့လွင့်ကုန်တယ်

အဲဒီ အမေ့ရဲ့အရိုးပြာတွေကို

ပါးစပ်ထဲကိုထည့်ပြီး ကျွန်တော် ခံစားကြည့်မိတယ်

ပြီးတော့ မခံစားနိုင်လောက်အောင် ၀မ်းနည်းပက်လက်ဖြစ်နေတဲ့

အဖေ့အနားက ကျွန်တော် ထလာခဲ့ပြီး အော်ဟစ်ငိုကျွေးနေမိတယ်

ပြီးတော့

အမေ့အရိုးပြာတွေကို ဖယောင်းတိုင်ဘူးခွံထဲ ကျုံးပြီးထည့်တယ်။

အမေ့ဘေးနားမှာတော့

တစ်၀က်တစ်ပျက်သာ မီးလောင်ပြာကျနေတဲ့

ကျွန်တော့်ညီငယ်လေးက

အစအနလေးပဲ ကျန်ရစ်တဲ့ မွေ့ယာပေါ်

အမေ့ဘေးမှာ လဲလျောင်းလျက်။

အဖေက

ညီငယ်လေးရဲ့ ရုပ်ကြွင်းအစအနတွေကို သူ့ရင်ဘတ်ဆီ ဆွဲယူထိကပ်ထားရင်း

ငါသာသေလိုက်ချင်တယ် ငါသာသေလိုက်ချင်တယ်လို့ အော်ဟစ်နေတယ်။

ပြီးတော့ မျက်ရည်တွေသုပ်ရင်း

မီးလောင်ထားတဲ့ သံချီသံကွေးတွေအောက်က ထွက်တယ်။

ရေချိုးခန်းကတော့ ရေတွေပန်းထွက်နေလျက်နဲ့

မပျက်မစီးကျန်နေရစ်တဲ့ တစ်ခုတည်းသောအရာအဖြစ်

နေရောင်အောက်မှာ ရှိနေတယ်။

ကျွန်တော်က ပိန်လိမ်ကျိုးပျက်နေတဲ့ လက်ဖက်ရည်ခွက်နဲ့ ရေခပ်ယူပြီး

ညီငယ်လေးရဲ့ ရုပ်ကြွင်းတွေရှေ့မှာ ချထားလိုက်တယ်

အဖေက အပျက်အစီးအစအနတွေကို ဘေးက ဖယ်ထုတ်တယ်

ကျွန်တော်က မျက်လုံးစုံမှိတ်ထားတဲ့အချိန်

အဖေကတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ လူနှစ်ယောက်ရဲ့အသံတွေကို

အာရုံပြုနားထောင်ရုံကလွဲပြီး

ဘာမှ မတတ်နိုင်ရှာတော့ဘူးပေါ့။

အဲဒီအချိန်ကလေးရဲ့နောက်မှာပဲ

အဖေ့ခန္ဓာကိုယ်ပေါ်မှာ အစက်အပျောက်တွေ

ရုတ်တရက်ချက်ချင်း ပျံ့နှံ့လာခဲ့တယ်

အသက်ရှင်နေထိုင်ရဖို့ မျှော်လင့်ချက်မဲ့သွားရပြီဖြစ်တဲ့ အဖေက

တစ်ယောက်တည်း ကျန်ရစ်တော့မယ့်ကျွန်တော့်အပေါ်

သနားကြင်နာမှု ပြနေသေးတယ်

ပြီးတော့မှ အဖေဟာ စားချင်စိတ်မရှိပါပဲလျက်

စားစရာတစ်ခုခုကို သူ့လည်မြိုထဲ အတင်းမြိုချနေခဲ့တယ်။

‘ငါ စပျစ်သီးနည်းနည်းလောက် စားချင်လိုက်တာကွာ’ လို့ အဖေက ပြောရှာတယ်

‘ဒီသခွားသီးတွေနဲ့ပဲ ခဏလောက်တော့ သည်းခံပြီး သက်သာသလို နေလိုက်ပါဦးအဖေ’လို့ ကျွန်တော်ပြောမိတယ်။

စက်တင်ဘာလ ၁ ရက်နေ့

ကျွန်တော်

သခွားသီးတချို့ကို စုပြီး

သကြားနည်းနည်းထည့် ဖျော်ရည်တစ်ခွက်ဖျော်တယ်။

အဖေကပြောတယ်

‘ဒီဘ၀ကို ငါပြန်လာချင်သေးတယ်ကွာ’လို့

ကျွန်တော့်ကိုကြည့်ပြီး အပြုံးလေးနဲ့ ပြောရှာတယ်

ဒါပေမဲ့လည်း သူ့အသံတွေကတော့ အတော့်ကို အားအင်ဖျော့တော့နေပါပြီ

ပြီးတော့ ရုတ်တရက်ဆိုသလို ငိုသံနဲ့

‘လေကလည်း ကြောက်စရာကောင်းလိုက်တာ မုန်တိုင်းကြီးလာတော့မယ်’ လို့

ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်တယ်။

‘မုန်တိုင်းကြီး…’

အဖေဟာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ရပ်ပစ်လိုက်တယ်

ပြီးတော့ ငြိမ်ကျသွားတော့တယ်။

ပါးစပ်အဟောင်းသားနဲ့

ကျွန်တော်တစ်ယောက်ထဲ ကျန်နေလျက်

ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး မထိန်းသိမ်းနိုင်ဖြစ်ပြီး

မျက်ရည်တွေသာ စီးကျလာခဲ့တယ်။

ရှေ့မှာ

တသွင်သွင်စီးနေတဲ့မြစ်ကြီးတစ်စင်း ပေါ်လာတဲ့နေရာရောက်တဲ့အထိ

ကျွန်တော် ပြေးထွက်လာခဲ့တယ်။

ကျွန်တော်မြင်ခဲ့ရပါတယ်

လှပသန့်ရှင်းနေတဲ့

ဟီးရိုးရှီးမား မိုးကောင်းကင်…။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

(ဂျပန်ကဗျာဆရာ Yukiko Hayashi ရဲ့ Sky of Hiroshima ကဗျာကို ဘာသာပြန်ဆိုပါသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013