
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သြဂုတ် ၄ ရက် မနေ့ညနေပိုင်းက မူးယစ်ဆေးရောင်းဝယ်တဲ့ နေအိမ်တလုံးကို ကချင်လွတ်မြောက်ရေးတပ် KIA က ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ နေအိမ်ကို KIA တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသား ၃ ယောက်နဲ့ ငွေ အပါအဝင် မူးယစ်ဆေးဝါးနဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ဆန်ခါရွာခံ အမျိုးသားတယောက်က "ညနေ ၃ နာရီခွဲလောက် တောဘက် (KIA)က ဝင်ဖမ်းတာ။ အိမ်ရှင်ကိုဖမ်းတယ်။ နောက်ပြီး အိမ်ထဲမှ ရှိနေတဲ့ နှစ်ယောက်လည်း ပါသွားတယ်။ မူးယစ်ဆေးတွေ ဆိုင်ကယ်တွေ နောက်ပြီး ငွေတွေပါ သိမ်းသွားတာ" လို့ ပြောပါတယ်။
ဆန်ခါကျေးရွာ ဘောလုံးကွင်းနားမှာ နေထိုင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ ဦးမောင်ထွန်း အပါအဝင် နေအိမ်မှာ ရှိနေသူ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးသွားတာပါ။
ဖားကန့်မြို့နယ်ထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေကို လမ်းသွယ်တွေနဲ့ လူပြတ်လပ်ရာနေရာတွေမှာ ပေါ်ပေါ်ထင်ထင်လုပ်နေကြပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လုယက်မှု၊ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုတွေ အရင်ကထက် ပိုမိုများပြားလာပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ မဖမ်းဆီးနိုင်ပါဘူး။