
ဘရာဇီးနိုင်ငံရဲ့ ဆောင်ပေါလို၊ ရီယိုဒီဂျနေရိုးနဲ့ ဘာဟီးယာမြို့တို့မှာ ဒီသီတင်းပတ်အတွင်း “မူးယစ်ဆေးဝါးစစ်ပွဲ” လို့ ခေါ်ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကြောင့် လူပေါင်း ၄၅ ယောက် သေဆုံးခဲ့ရပါတယ်။
အင်အားသုံး နည်းဗျူဟာကို သုံးတဲ့အပေါ် ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပြီး ဘရာဇီးနိုင်ငံတဝှမ်းက လူ့အဖွဲ့အစည်းတွေဟာ "မလုံခြုံတဲ့မူဝါဒ"ကို ရင်ဆိုင်နေရတယ်လို့ လူမည်းယဉ်ကျေးမှု သုတေသနသိပ္ပံက ဒါရိုက်တာ မာဆဲလို ဒီယာ့စ် က သြဂုတ် ၄ ရက်မှာ ရိုက်တာကို ပြောကြားပါတယ်။
အာဏာပိုင်တွေ ပြောကြားချက်အရ ဆောင်ပေါလိုမှာ သေဆုံးသူ ၁၆ ယောက်အထိ ရှိခဲ့ပြီး ရပ်ရွာလူထုဟာ သေဆုံးသူတွေရဲ့ပုံစံအတိုင်း အရုပ်တွေပြုလုပ်ပြီး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
ရီယိုဒီဂျနေရိုးရှိ ပီနာ ဆင်းရဲသားရပ်ကွက်က စစ်ဆင်ရေးအတွင်း အနည်းဆုံး ၁၀ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဘာဟီးယာမှာလည်း ပဋိပက္ခတွေဖြစ်ပွားခဲ့တာမှာ လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဆောင်ပေါလိုက ရဲတွေဟာ တပ်ဖွဲ့အင်အားကို အလွန်အကျွံ အသုံးပြုရလောက်တဲ့ အန္တရာယ် အနေအထားမျိုးကို ရင်ဆိုင်နေရတာ မဟုတ်တာကြောင့် ဖြစ်နိုင်ချေရှိတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့ ပေါ်လစ်စ်တာ ဥပဒေကျောင်းက ပြစ်မှုနဲ့ လုပ်ထုံးလုပ်နည်းဥပဒေ ညှိနှိုင်းရေးမှူး ဖှာနန်ဒို မက်ဂရီ က ပြောပါတယ်။
Source-Reuters










