
လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ပိုးလောင်းကျေးရွာနားမှာ ပင်လယ်ထဲလှေပျက်နေတဲ့ ရိုဟင်ဂျာ ၇၀ ကျော်ကို ဒီမနက် စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရိုဟင်ဂျာအမျိုးသား ၆၇ ယောက်နဲ့ အမျိုးသမီး ၅ ယောက်တင်ဆောင်လာတဲ့ စက်လှေတစီးကို ပိုးလောင်းကျေးရွာ ဆိပ်ကမ်းဆီ ဒီနေ့မနက် ၁၀ နာရီခွဲက ဖမ်းဆီးခေါ်လာခဲ့တာပါ။
"သတင်းရလို့ဖမ်းမိတာမဟုတ်ဘူး။ ပင်လယ်လှေထဲမှာ စက်လှေပျက်ပြီးမျောနေတာ။ ငါးဖမ်းစက်လှေနဲ့ဖမ်းပြီး ပိုးလောင်းဆိပ်ကမ်းကို ခေါ်လာတာ" လို့ ရှင်းပြပါတယ်။
အဲဒီ ရိုဟင်ဂျာ ၇၂ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ထွက်ခွာလာတာဖြစ်ပြီး စက်ပျက်လို့ပင်လယ်ထဲမှာ မျောနေတာ ၅ ရက်လောက်ရှိပြီလို့ သိရကြောင်း အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ဒီဗွီဘီ ကိုပြောပါတယ်။
သူတို့ကို လပွတ္တာမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်နဲ့ လဝကဦးစီးဌာနက စစ်ဆေးနေပြီး လဝက အက်ဥပဒေနဲ့ အမှုဖွင့်မယ်လို့ သိရကြောင်းလည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၁၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၈၀၀ နီးပါး ထောင်ဒဏ်ချခံထားရပါတယ်။